Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ခုံရုံးကြောင့် NLD အာဏာနှင့်လွဲဟု ကော်မရှင်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များကိုနိုင်ငံတကာနျူရင်ဘတ်ခုံရုံးတင်ကာအရေးယူရန်ပြောဆိုခဲ့သဖြင့်အာဏာ အလွှဲမခံ ရခြင်းဖြစ်သည်ဟုနေပြည်တော်အစိုးရ၏ရွှေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသစ်ဦးတင်အေးကပြောဆိုလိုက် သည်။
3809-KyiMaung
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးကြည်မောင်ကို၁၉၉၅ခုနှစ်က တွေ့ရပုံ။ “နျူရင်ဘတ်လိုခုံရုံးမျိုးမလိုပါ”ဟူသောဦးကြည်မောင်၏ ပြောဆိုချက်ကို အာဏာပိုင်တို့က   ခြိမ်းခြောက်မှုတခုအဖြစ် သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)
ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေးပါတီ ၃၇ ခု၏ ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူတို့ အာဏာလွှဲမပေးခဲ့တာ အဲဒါကြောင့် လို့ ကော်မရှင် ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နျူရင်ဘတ် ခုံရုံး ဟူသော အသုံးအနှုန်းကို ၁၉၉၀ ရွေးကောက်ပွဲကာလ NLD ကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ဟောင်ကောင် အခြေစိုက် Asiaweek မဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။

နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။

“အဲဒီတုန်းက ဦးကြည်မောင် ပြောတာလည်း အဲဒီလို မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဦးကြည်မောင်က အဲဒီလို ပြောခဲ့တယ်ဆိုပြီး အဓိက ပြောခဲ့တာ။ မဟုတ်မှ မဟုတ်တာ” ဟု ဦးသုဝေက ဆိုသည်။

ဦးကြည်မောင်သည် ၂၀၀၄ ခုနှစ်က ကွယ်လွန်ခဲ့သည်။

သူ၏ ပြောဆိုချက်တွင် ပါဝင်သော နျူရင်ဘတ်သည် ဒုတိယ ကမ္ဘာစစ်ကာလ အတွင်း  စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။

မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ NLD မှာ အဲဒီလို သဘောထား လုံးဝ မရှိဘူး” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း “NLD ဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို NLD က ထောက်ခံကြောင်း၊ ထိုကော်မရှင်သည် ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း လူ့အခွင့်အရေး ချိုးဖောက်သူများဖြစ်သည်ဟု နှစ်ပေါင်းများစွာ ဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်က  ဦးကြည်မောင်၏ “နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါ” ဟူသော ပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့က သူ့ကို ထိန်းသိမ်းလိုက်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။

ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD ကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်အေးက ဆက်လက်ပြောသည်မှာ တပ်မတော်အစိုးရက လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။

အာဏာကို ဆက်လက် ချုပ်ကိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးတို့က ထိုရွေးကောက်ပွဲ အနိုင်ရ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားညီလာခံ (၁၉၉၃-၂၀၀၇) သို့ တက်စေပြီး အခြေခံဥပဒေ ရေးဆွဲရန် စီစဉ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း အာဏာပိုင်တို့က ကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

0 comments:

Post a Comment