Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

တွယ်ရာမဲ့ပန်းတို့၏ မုန်တိုင်းချက်များ

မောင်မောင်ဝမ်း
ဇူလိုင် ၁၂၊ ၂၀၁၁

ဟင်္သာတမြို့မှာဖြစ်ပွားခဲ့တဲ့ ၉ နှစ်သား ကလေးငယ်တယောက်အပေါ် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်တဲ့သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်ကတဆင့် ဖတ်လိုက်ရတဲ့အခါ ကျနော် အရမ်း တုန်လှုပ်သွားမိတယ်။ ကလေးငယ်အတွက် အတော်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီလို အိပ်မက်ဆိုးတွေကို ကျနော် တခါက ကြုံခဲ့ဖူးပါတယ်။  စစ်အာဏာရှင်များရဲ့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းထဲမှာပါ။ ဒါပေမယ့် အခုခံလိုက်ရတဲ့ ကလေးငယ်လောက် မခံခဲ့ရပါဘူး။ လူတယောက်က လူတယောက်ကို အနိုင်ကျင့်ဗိုလ်ကျပြီး ရက်စက်ခဲ့လို့ နာကျဉ်းခဲ့ရတဲ့ ပုံရိပ်ဆိုးတွေကို ကျနော် ကိုယ်ချင်းစာမိပါတယ် …။ အခု ကလေးငယ်က ၉ နှစ်သားလေး … … စဉ်းစားကြည့်ပေါ့ဗျာ …။
 တညလုံးလုံး … ကြိုးနဲ့တုတ် … ပါးစပ်ကိုစို့ထား … တုတ်ချက်တွေနဲ့ ပြင်းထန်စွာရိုက်နှက်လို့ … အော်လို့က လည်းမရ … ပြန်ရုန်းထွက်ဖို့လည်း အားမသန် … နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်လိုက်တာ … အယုတ်မာဆုံး ခွေးချေးတွေ … လူ့ကျင်ငယ်ရေတွေကို တောင်ပါးစပ်ထဲထည့်လို့ … ခံစားနေရတဲ့မြင်ကွင်း၊ ကြောက်ရွံ့အားငယ် ထိတ်လန့် ငိုကြွေးနေမယ့် သဏ္ဍန်တွေကို စိတ်ကူးနဲ့ပုံဖော်ကြည့်မိတိုင်း ကျနော် ရင်နင့်မိတယ် … …။
          နောက် … သတင်းတွေ ကြေညာသွားတော့ … “ကလေးငယ်က … သူ့အဒေါ်အိမ်မှာ ခေတ္တတည်းခို နေထိုင်နေရပါတယ်တဲ့” မိဘမဲ့ကလေးငယ်တယောက်ရဲ့ဘဝက ဘယ်လောက်ထိ ဆိုးလိုက်လဲနော် … ကံကြမ္မာမုန်တိုင်းရဲ့ ရိုက်နှက်ချက်ကြောင့် အထွေထွေ ဒုက္ခရောက်နေရှာတဲ့ လူမမယ် ကလေးငယ်တယောက်ကို ဒီလောက်ထိ မရက်စက်သင့်ပါဘူးဗျာ … ဒါ … လူမဆန်တဲ့လုပ်ရပ်တခုပါ…။ လူနဲ့တိရိစ္ဆာန်ကို အဓိကပိုင်းခြားထားချက်ထဲမှာ … ကိုယ်ချင်းစာတရား… တိရိစ္ဆာန်လောကမှာ ဥပဒေတခုပဲ ရှိတယ် … ကြီးနိုင် ငယ်ညှဉ်း……… တရားတာ မတရားတာတွေ သူတို့မသိဘူး …။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်မယ် …။ အဆိပ်ရှိသတ္တဝါက ... အဆိပ်မဲ့သတ္တဝါကို အနိုင်ကျင့်မယ် … ဒါ သူတို့လောက…။ လူဟာ တိရိစ္ဆာန် မဟုတ်ဘူး ...။ ဒါ ရှင်းပါတယ် …။ ဒါပေမယ့် … လူဖြစ်လင့်ကစား ... တိရိစ္ဆာန်အကျင့်ကို ကျင့်မယ်ဆိုရင် ... လူ့တိရိစ္ဆာန်ပါပဲ …။ ကျူးလွန်သူတရားခံရဲ့ ယောက္ခမလုပ်တဲ့ သူကပြောတဲ့စကားလည်း သုံးသပ်ကြည့်ပါဦး …။ ကလေးငယ်ကို အကျင့်ပျက်တယောက်လို စွပ်စွဲပြောဆိုထားတယ် …။ ထား … အကယ်၍ … ကျူးလွန်ခဲ့ရင်တောင်မှ .. အဲသလို ရက်စက်ဖို့လုပ်ပိုင်ခွင့် … ခင်ဗျားတို့မှာ ရှိသလားလို့ ကျနော် မေးခွန်းထုတ်ချင်ပါတယ် …။
ကိုယ့်ထက် အရာရာအားနည်းသူကို လူမဆန်စွာ အနိုင်ကျင့်လို့ … ရလာမယ့် ကျူးလွန်သူ တရားခံ … ဆက်မှူး ဌေးဝင်း ခေါ် စနိုးရဲ့ အနာဂတ်ကိုလည်း စောင့်ကြည့်လိုက်ပါဦး …။ သူ ရက်စက်လိုက်တာ တညထဲပါ …။ သူခံရမှာက ရက်ပေါင်းထောင်နဲ့ ချီခံစားရမှာပါ …။ ကလေးငယ်ရဲ့ဒဏ်ရာတွေဟာ နောက် ခြောက်လလောက်ဆို ပျောက်ကင်း သက်သာနေလောက်ပါပြီ …။ ကျနော် အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားဘဝနဲ့ နေလာခဲ့တော့ … အသိတခု ရလာတာရှိတယ် …။ လူတယောက်ကို သတ်ဖြတ်လိုက်တာတို့ … ရိုက်နှက် အနိုင်ကျင့်လိုက်တာတို့ဆိုတာတွေဟာ … အတော် တွက်ခြေမကိုက်တဲ့ လုပ်ရပ်ပဲ ဆိုတာပါပဲ …။ ဆိုပါစို့ … လူတယောက်ကို အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်လိုက်တယ်ဆို … ခံရတဲ့သူက ခဏလေးပဲခံစားပြီး … လူ့ပြည်က ပျောက်ဆုံးသွားပြီ …။ လုပ်တဲ့သူက … အကျဉ်းထောင်ထဲမှာ ... မလွတ်မခြင်း ... လူ့ငရဲခံရပေတော့ပဲ …။ လူတွေ ခဏခဏ ပြောနေကျ စကားရှိပါတယ်… “မိုက်တယ်ဆိုတာ လွယ်ပါတယ်တဲ့”  တကယ်တော့ မိုက်တယ်ဆိုတာ မလွယ်ပါဘူး …။ ရခဲလှတဲ့ လူ့တဘဝလုံးကို အကျိုးမဲ့စွာ အဆုံးခံရဲမှ … မိုက်လို့ရတာပါ … အဲဒီတော့ မလွယ်တဲ့ကိစ္စတခုကို ရှောင်တာအကောင်းဆုံးပါပဲ … …။
          ကလေးငယ်အပေါ် ရက်စက်ခဲ့တဲ့သတင်းဟာ မြန်မာတနိုင်ငံလုံး ... နိုင်ငံတကာအနှံ့ မီဒီရာတွေ ကျေးဇူးကြောင့်ပြန့်နှံ့နေပါပြီ … ကရုဏာသက်စွာ ကလေးငယ်ကို လှူဒါန်းကြတဲ့သူတွေကို ... ကျေးဇူးလည်းတင်တယ်…။ ပီတိလည်း ဖြစ်မိတယ် …။ ဒါ ကိုယ်ချင်းစာတရားရှိတယ် ဆိုတဲ့ … လူ့ပုံရိပ်ကို လှစ်ပြလိုက်တာပါပဲ …။
          ဟင်္သာတနယ်မှာရှိနေတဲ့ လူထုကို ကျနော် အကြံပြုချင်တာက … လူသားမဆန်တဲ့ ... လူတွေ ဖွင့်လှစ်ထားတဲ့ … ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့ You .. and .. Me လက်ဘက်ရည်ဆိုင်ကို သွားရောက်စားသုံးခြင်းမပြုဘဲ ... လူသားချင်းစာနာတတ်တယ်ဆိုတာကို သက်သေပြပေးစေချင်ပါတယ်။ ဒီလူတွေရဲ့ အကျိုးစီးပွားကို အားပေးအားမြှောက်ပြုစရာအကြောင်း မရှိပါဘူး …။ ဒါဟာ တရားဥပဒေ အပြင် ... လူမှုဒဏ်ခတ်ခြင်းတမျိုးပါ … …။ ကျနော့်ရင်ထဲစိုးရိမ်မှုတခုက … ထောင်တွေထဲမှာ .. အင်မတန်မှဆိုးသွမ်းတဲ့ .. လူဆိုးတွေ .. တော်တော်များများကို လေ့လာကြည့်တဲ့အခါ …။ မိဘမဲ့နဲ့ ရှင်သန်ရတဲ့သူတွေ များနေတာကို တွေ့ရပါတယ် …။ ဒါ့အတွက် မိဘမဲ့ကလေးငယ်များကို အရမ်းကို စိုးထိတ်မိပါတယ် … …။ တခါက အသံလွှင့်ဌာနတခုက လွှင့်သွားတဲ့ နာဂစ်အကျိုးဆက် သတင်းလေးတခု အင်တာနက်ကတဆင့်ကြည့်လိုက်ရပါတယ် …။ ကလေးငယ်လေး သုံးဦး၊ အကြီးဆုံးက ယောင်္ကျားလေး (အသက်မှ ၁၂ နှစ်လောက်ပဲရှိမယ်) နောက် မိန်းကလေး (၆ နှစ်လောက်) အငယ်ဆုံးလေးကလည်း မိန်းကလေး (၃ နှစ်သမီးလောက်ပဲ ရှိမယ်)၊ မိဘတွေအားလုံး နာဂစ်ကြောင့် သေဆုံးသွားကြတယ် …။ ဒီကလေးငယ်လေး ၃ ယောက်ထဲက အကြီးဆုံးကောင်လေးက … ဂဏန်းကောင်တွေသွားဖမ်းပြီး ပြန်ရောင်း … ရတာလေးနဲ့ မောင်နှမတတွေ အသက်ဆက်နေရတယ် …။ ဂဏန်းဖမ်းလို့မရတဲ့နေ့တွေဆို … သူတို့လေးတွေ … ထမင်းအငတ်နေရရှာတယ် … … …။
သူတို့လေးတွေရဲ့ အနာဂတ်ကို ဘယ်သူစောင့်ရှောက်မလဲ။ ဘယ်သူတွေက တာဝန်ယူမလဲ။ တွေးမိတိုင်း ရင်မောစရာပါ …။
(လူမဆန်စွာ ညှဉ်းပန်းအနှိပ်စက်ခံလိုက်ရတဲ့ … မောင်ထိပ်ကွက် ခေါ် … မောင်စိုးထက်အောင်ကို ပြည်တွင်း ပြည်ပမှ ကူညီချင်သူများအတွက် ဖုန်းနံပါတ် - 09 858 0204 အရှင်ဥာဏာလင်္ကာရသို့ ဆက်သွယ်ကူညီနိုင်ပါတယ် ခင်ဗျာ .. ဖုန်းနံပါတ်ကို DVB မှ ကူးယူဖော်ပြပါသည်...။)

အားလုံးကိုလေးစားစွာဖြင့်

0 comments:

Post a Comment