skip to main |
skip to sidebar
Posted by
toetoe
at
11:39
ကျမ အမည် ဧရာဝတီပါ..... ။ မေခ နဲ့ မလိခဆိုတဲ့ မိဘနှပါးက မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး ဒီတိုင်းပြည်မှာ ရှင်သန်ကြီးပြင်းကာ တိုင်းပြည်အကျိုးကို နေ့ညမရွေးဘဲ အစဉ်သယ်ပိုးခဲ့သူ ဆိုတာ လုပ်ရပ်များနဲ့ သက်သေပြခဲ့လို့ မြန်မာနိုင်ငံသားတိုင်း သိရှိပြီးသား ဖြစ်မှာပါ ။ အခုတော့လေ... သူတို့တတွေ အာဏာတည်မြဲရေး အတွက် ကြိုးစား လုပ်ဆောင်ဖို့ အတွက် ဧရာဝတီ ဆိုတာ မြန်မာပြည် အတွက် ထာဝရ ရှင်သန်နေမယ်ဆိုတဲ့ သမိုင်းမှာ တွင်တဲ့ စကားလုံးလေးကို ယနေ့ စစ်အာဏာရှင်များက ပြောင်းပြန်လှန်ဖို့လုပ်ဆောင်ရင်းက မိဘနှစ်ပါးကို အသေသတ်ကာ ကျမခွန်အားများကို တိုင်းတပါး ကို ထိုးအပ်ဖို့ ကြံရွယ်နေကြပြီလေ....။ ပြည်သူလူထု ကောင်းကျိုးချမ်းသာ အတွက် လုပ်ဆောင်နေသူ မှန်သမျှကို ဒုက္ခပေးကာ အသေသတ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့နိုင်ငံမှာ ငါ့ညီမ ဧရာဝတီ မင်းလည်း သတိထားလို့ ခေါင်းတုးပြောင်တောင် တုန်းပေးပြီး နေပူတဲ့ ကွင်းပြင်ထဲမှာ အမိုးမပါဘဲ ရပ်နေရတဲ့ အစ်ကိုကြီး ရိုးမက ငိုရှိုက်ရင်းနဲ့ ကျမ သူ့အနားက ဖြတ်သွားတိုင်း သတိပေးခဲ့ဘူးပါတယ် ။ ကျမကို ကယ်ဆယ်ပေးပါလို့ အားမတန်လို့ မာန်လျှော့နေရတဲ့ မြန်မာနိုင်ငံသားတွေကို တောင်းပန်စကားတွေ မဆိုတော့ပါဘူး.......။ ၀မ်းနည်းမှုတွေကို ရင်မှာ ဖက်တွယ်ရင်းက မြန်မာနိုင်ငံအတွင်းမှာ မွေးဖွားလာတဲ့ ကျမဟာ မြန်မာနိုင်ငံသားတွေရဲ့ ကြွေကွဲ မျက်ဝန်းကို ကာ ငေးကြည့်ရင်း နောက်ဆုံး အချိန်ထိ တိုင်းပြည် အကျိုးကို သယ်ပိုးရင်း စီးဆင်းနေပါရစေ.......။ နှုတ်ဆက်ပါတယ် မြန်မာပြည်လေးရယ်လို့ တိတ်တခိုးလေးေ၇ရွတ်ရင်းက ဒုက္ခနွံမှာ နစ်နေကြတဲ့ မြန်မာနိုင်ငံသား အပေါင်း ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းရင်းက ကျမရဲ့ ခန္ဓာကိုယ်ကို ဒီနိုင်ငံအတွက် စတေးခံလိုက်ပါတယ်....။

0 comments:
Post a Comment