Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မငိုပါနဲ့ ဧရာဝတီ

သူတို့ဟာ…ကမ္ဘာပေါ်မှာတတိယအရှည်ဆုံးနဲ့အာရှမှာအရှည်ဆုံးမြစ်ဖြစ်တဲ့ယန်စီဆိုတဲ့မြစ်ကြီးကိုပိုင်ဆိုင်ထား ခဲ့တယ်။
အဲသလိုရှည်လျားလှပတဲ့ကမ္ဘာ့အံ့ဖွယ်ယန်စီမြစ်ကြီးဟာဆိုရင်ယဉ်ကျေးမှုတွေအမျိုးမျိုးကိုတည်ဆောက်ခဲ့တဲ့ မြစ် ကြီးတစ်စင်းဖြစ်တယ်။သူတို့ဟာ…အဲဒီမြစ်ကြီးကိုတိမ်ကော၊ပျက်စီး၊ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို   မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့်လူတွေသာမကကျွဲနွားတိရစ္ဆာန်တွေပါဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ..ပျောက်ကွယ်သွားတော့မယ့်ကမ္ဘာ့အထင်ရှားဆုံးသဘာဝသယံဇာတ၁၀ခုထဲမှာတစ်ခုပါနေပြီ။   နောက်နှစ်အနည်းငယ်မှာယန်စီဆိုတာတရုတ်လူမျိုးတွေရဲ့ဒဏ္ဍာရီနဂါးကြီးတွေလို့ရှေးဟောင်းစာပေကျမ်းဂန်ေ တွထဲမှာပဲရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။ဒီမြစ်ကြီးတင်လားဆိုတော့မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River),  Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။
dry9.jpg
{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့မြစ်တွေဟာကျဉ်းသွားတယ်၊တိမ်သွားတတ်တယ်။နေရောင်အောက်မှာအရှင်လတ်လတ် အကြာကြီးနေဖုတ်ခံရတဲ့ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေဒုက္ခရောက်တဲ့အခါမှာ..အနည်းငယ်အမြင်မှန်ရသယောင်ဖြစ်လာတယ်။ယန်စီမြစ်ကိုအသက်ပြန်သွင်း ဖို့ အစွမ်းကုန် ကြိုးစားတယ်။
ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
ယန်စီဟာကွန်မြူနစ်ပါတီရဲ့တရုတ်ပြည်ကိုစီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့မီတာ၂၅၀၀ကျော်ရှည်တဲ့ ရေကာ တာကြီးကြောင့်၊အရှင်လတ်လတ်သွေးကြောဖောက်၊သွေးစုတ်ခံနေရရင်းခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့်ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ဘီလျှံဆုံးရှုံးခဲ့တယ်။လူပေါင်းလေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ်ရောက်ခဲ့ပါတယ်။ယန်စီရေကာတာကြီးရဲ့သက်တမ်းဟာအနှစ်တစ်ရာကနေသုံးရာလို့ခန့်မှန်း ထားတယ်။ယန်စီရေကာတာသက်တမ်းကုန်ဆုံးသွားမယ့်နေမှာယန်စီမြစ်ဟာလည်းတစ်ပါတည်းအစတေးခံရမှာ   ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။
dry.jpg
{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့  ရှန်ဆီနယ်မြေထဲက လန်မြစ် }
သူတို့တွေဟာconcretejunkတွေဖြစ်တဲ့မိုးမျှော်တိုက်ကြီးတွေ၊လမ်းမကြီးတွေဟာတိုးတက်တဲ့ အရိပ်အရောင်တွေ အဖြစ်နဲ့ကျေနပ်နေကြတယ်။သဘာဝတရားရဲ့အလှအပတွေကိုတော့မတိုးတက်ခြင်းနဲ့တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်)သိသိနဲ့ခေါင်းမာစွာ..ယူဆနေကြတယ်။ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့တိုင်းပြည်ထဲမှာရေကာတာအများဆုံး တိုင်းပြည်အဖြစ်နဲ့ကိုယ့်မျက်နှာကမျက်လုံးကိုဖောက်ထုတ်နေတဲ့တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။သူတို့တွေဆောက်တဲ့ရေကာတာကြောင့်လူပေါင်းသုံးသောင်းသေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးကခမ်းခြောက်တိမ်ကောနေတဲ့မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ရှားပါးတိရစ္ဆာန်တွေဟာ..တိုးတက်ခြင်းရဲ့  ပြယုဒ်တွေတဲ့လား….။
2.jpeg
  {ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊  စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း  ဘယ်ငါးမှ မရှိလို့  ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}
4.jpg
{တရုတ်ပြည်  Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့  Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.}

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။
၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။
3.jpeg
{ခြောက်သွေ့နေပြီဖြစ်တဲ့  Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011)  The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}
5.jpg
{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }
6.jpg
{တရုပ်ပြည်အလယ်ပိုင်း  Hubei ပြည်နယ်ရဲ့  Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011)  Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။  [Photo/Xinhua]}
7.jpg
{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}
သူတို့ယန်စီကိုအားပါးတရချေတော်တင်ပြီးပြီ။ယန်စီတင်မသူတို့တိုင်းပြည်ထဲကအခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း   ခြေတော်တင်ခဲ့ပြီးပြီ။သူတို့ပြည်ထဲကရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့၊သူတို့ရဲ့ စီးပွားရေး ယန္တရားတွေဆက်လက်လည်ပတ်ဖို့အတွက်..concretejunkကြီးတွေကိုလျှပ်စစ်ပေးဖို့..အသွေးအသားစုတ်ထုတ်ဖို့   မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။
သူတို့ တွေ့သွားတယ်။
တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့တိုင်းပြည်။အဲသလို..ဆန်ရေစပါးတွေပြောင်းပဲသီးနှံတွေအလျှံပယ်ထွက်အောင် ဓာတ်သတ္တိ အမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။
8.jpg
{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}
သူတို့ဟာ..ဧရာဝတီကိုခြေတော်တင်ဖို့ပြုံးပြုံးကြီးရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ရယ်သံတွေလိုပဲ  မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..
အဲဒီတိုင်းပြည်ကလေးဟာ …အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်…။…
အဲသလိုအမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။ အဲဒီတိုင်းပြည်ကလေးဟာ….အရှင်လတ်လတ်ဂုတ်သွေးစုတ်ခံနေရတယ်…ဂုတ်ကို သွေးစုတ်ခံနေရတာတောင်   သွေးသံရဲ ရဲ သွား စွယ်ကြီးတွေကို မော့ငေးရင်း..
 “တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။
သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်..
အောင်သေအောင်သား စားကြတော့မယ်။
ဒါကို…. လည်စင်းခံပေးရင်း
ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……
ဘယ်လို နားလည်ရမှာလဲ….
လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။
အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..
လူသားတွေပဲ  နစ်နာဆုံးရှုံးကြရတတ်ပါတယ်။
သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ …  ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..
ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။
(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။
တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))
စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။
(အိမ့်ချမ်းမြေ့)

0 comments:

Post a Comment