Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

မစ်ရှီဂန်ကပေးတဲ့စာ(၈၀)

မစ်ရှီဂန်ကပေးတဲ့စာ(၈၀)
အောင်ဝေး
သြဂုတ် ၆၊ ၂၀၁၁

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့များလည်းသာပါရဲ့ နော်။ ဒီရက်ထဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက စလို့၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဦးနုတို့အလယ်၊ ဆရာဦးသိန်းဖေမြင့်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ လေထီးဦးအုန်းမောင်၊ ဆရာပါရဂူ၊ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင် စသည်ဖြင့် ကွယ်လွန်သွားကြပြီဖြစ်တဲ့ သမိုင်းဝင် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများကို အထိမ်းအမှတ်ပြုတဲ့ဂုဏ်ပြုတဲ့ ဗိမာန်ယဉ်ကျေးမှု၊ ရုပ်တုယဉ်ကျေးမှုအကြောင်း စဉ်းစားနေခဲ့မိတယ်။

ကျနော်တို့နိုင်ငံမှာအကြီးကျယ်ဆုံးအထိမ်းအမှတ်ဗိမာန်ကိုပြပါ ဆိုရင် အာဇာနည်ဗိမာန်ကိုပဲ ပြရမှာမဟုတ်လားကိုဒေါင်း။ ပြီးတော့မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ စုဖရားလတ် ဂူဗိမာန်၊ အဲဒါပြီးရင် ဦးသန့် ဂူဗိမာန်၊ ဒေါ်ခင်ကြည်ဂူ ဗိမာန် စသည်ဖြင့်အထိမ်းအမှတ် ဂူဗိမာန်တွေရှိတယ် မဟုတ်လား။

အခုပြောခဲ့တဲ့ဗိမာန်တွေအကုန်လုံး ရွှေတိဂုံဘုရားခြေတော်ရင်းမှာ ရှိနေတာ သတိပြုမိကြမှာပါ။ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ ဆိုရင်လည်း၊ စနေထောင့်က ၁၉၂၀ ပထမ တက္ကသိုလ် ကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်ဟာ၊ တချိန် တခါတုန်းက သက်ဆိုင်ရာ စစ်အစိုးရမင်းများက ပိတ်ထားခဲ့ဖူးသေးတာ မဟုတ်လား။

ရာဇ၀င်ဆိုတာအဲဒီလိုဖုံးကွယ်ချင်တိုင်း ဖုံးကွယ်လို့ရစတမ်းလား ကိုဒေါင်းရေ။ သမိုင်းဆိုတာ အဲဒီလို ပိတ်ပင် တားမြစ်လိုက်ရုံနဲ့ ပျောက်ကွယ်သွားရိုးလားဗျာ။ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း၊ အာဏာသိမ်းပြီး တက်လာတဲ့ တပ်မတော် အစိုးရ၊ စစ်အစိုးရဟာ၊ တပ်မတော်ရဲ့ ဖခင် စစ်စစ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကိုရုံးတွေ၊ ကျောင်းတွေ၊ ဂါတ်တွေ၊ အစိုးရဌာနတွေ၊ စစ်တပ်တွေ၊ ခန်းမတွေ၊ မုခ်ဦးတွေအပြင်၊ ပုဂ္ဂလိက အိမ်တွေကနေတောင် ဖြုတ်ချ ပိတ်ပင်ခဲ့တာကိုတော့ ကျနော်တို့ မေ့မပစ်လိုက်ကြနဲ့ဦးနော်။
သူ့ နဂိုက ရှိနှင့်ပြီးသား၊ အမြို့ မြို့ အနယ်နယ်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေတောင်၊ သူတို့ ဘယ်လိုမှ မဖျက်ဆီးပစ်ရဲလို့သာ ဒီအတိုင်း လက်ပိုက်ကြည့်လွှတ်ထားခဲ့တယ် လို့ပဲမှတ်။ ဒါ တကယ့် လူထုအားကို မလွန်ဆန်ရဲလို့ပဲ။ ကြောက်လို့ပဲ။ ကျနော်တော့ ဒီအတိုင်းပဲ မြင်တယ်။

ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့၊ ကဗျာဆန်ဆန်ပြောရရင် မိကျောင်းကြည်းတင်နှစ်ကာလများ၊ ဆရာဦးတင်မိုး ရေးခဲ့သလို ကန္တာရနှစ်များ၊ အဲဒီလိုစစ်အာဏာရှင်စနစ်ဆိုးကြီး ဆူးလှည်းမောင်း သွားတဲ့ လမ်းတလျှောက်၊ ကိုဒေါင်းရေ ပြီးခဲ့တဲ့ ၁၀နှစ်၊ ၁၅နှစ်၊ အနှစ်၂၀ အတွင်းမှာ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အသစ် သွန်းတယ် လို့များ သတင်း ကြားခဲ့ရလို့လားဗျာ။

န၀တ၊ နအဖစစ်အစိုးရများဟာရုပ်တုတွေကို ကြောက်တယ်။ ဓာတ်ပုံတွေကိုကြောက်တယ်။ သူတို့ကြောက်ပုံကို ပြောရရင်၊ နေပြည်တော် စစ်ရေးပြကွင်းကြီးထိပ်က ရုပ်တုတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မပါဘူးဗျာ။ တကယ် သမိုင်းကိုနားလည် တန်ဖိုးထားတဲ့သူ ဆိုရင်၊ အမှန်ကို အမှန်အတိုင်း လက်ခံရဲတဲ့သူ ဆိုရင်၊ ဒီမှာဗျာ ကိုဒေါင်း၊ ပထမ မြန်မာနိုင်ငံတော်ကို စည်းရုံး တည်ထောင်သူ အနော်ရထာ၊ ဒုတိယ မြန်မာနိုင်ငံတော်ကို စည်းရုံးတည်ထောင်သူ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော်ကို စည်းရုံး တည်ထောင်သူ အလောင်းဘုရား၊ ပြီးတော့တခါ စတုတ္ထ မြန်မာနိုင်ငံတော်ကို စည်းရုံး တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၊ ဒါ ကမ္ဘာသိ မြန်မာသိ၊ စကြ၀ဠာတခုလုံးက အသိအမှတ် ပြုထားတဲ့ဟာ၊ တကယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဟာ ဒီနေရာမှာ ရှိကို ရှိနေရမှာပါ။

အခုတော့ သူတို့ဟာလိပ်ပြာမလုံတဲ့အစိုးရတွေ ဖြစ်နေလေတော့၊ သမိုင်းကို အမှန်အတိုင်း ရင်မဆိုင်ရဲတဲ့သူတွေ ဆိုတော့၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို သူတို့လက်နဲ့သူတို့ မထုရဲခဲ့ဘူးလို့ပဲ ကျနော်တော့ ယူဆတယ်။ န၀တ၊ နအဖ စစ်အစိုးရများဟာ ရုပ်တုကိုကြောက်တယ် ဆိုတာကို ကျနော် ဆက်ပြောဦးမယ်။

ပြည်တွင်းမှာတုန်းကစာပေဟောပြောပွဲတခုအနေနဲ့ ဆရာမောင်စွမ်းရည်လည်း ပါတယ်၊ ကျွန်းပြန် စာရေးဆရာတဦး၊ တောပြန်ကဗျာဆရာမတဦးရယ်၊ ကျနော်ရယ်၊ မုံရွာခရိုင်ထဲက အမြင့် ဆိုတဲ့ မြို့ ကလေးကို ရောက်ခဲ့တယ်။ အမြင့်မှာ ညိုမြတို့ရွာ ဆိုတဲ့ နာမည်နဲ့ စာကြည့်တိုက် တည်ထောင်ထားတာ ရှိပါတယ်။

စာပေမိတ်ဆွေတွေက စာကြည့်တိုက်ထဲမှာ အ၀တ်စနဲ့ အုပ်ဖုံးထားတဲ့ ဦးခေါင်းပိုင်းပုံ ရုပ်တုကြီးတခုကို လှစ်ပြလို့ ကျနော်တို့ ကြည့်ခဲ့ရပါတယ်။ သက်ဆိုင်ရာက ခွင့်မပြုလို့ ဒီအတိုင်းပဲ ထားရတဲ့ အကြောင်း သူတို့ပြောပြကြပါတယ်။

ကိုဒေါင်းရေ ... ရုပ်တုကနှယ်နှယ်ရရပုဂ္ဂိုလ်ကိုထုထားတာမဟုတ်ဘူး။ ကျနော်တို့မြန်မာ့နိုင်ငံရေး သမိုင်းမှာ ထိပ်တန်းက ပါဝင်ခဲ့သူ တဦး ဖြစ်တဲ့ သခင်လေးမောင် ရုပ်တုပါဗျာ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရာပြည့်ကော်မတီမှာ ဥက္ကဌ လုပ်ခဲ့တဲ့ သခင်လေးမောင်ပါပဲဗျာ။

ဒါ့ ထက်ဆိုးတဲ့အဖြစ်တခုပြောဦးမယ် ကိုဒေါင်းရေ။ ဆရာကြီး ဦးဖေမောင်တင် ဆိုတာ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိ
ပ္ပံမောင်ဝစတဲ့ တိုင်းကျိုးပြည်ဆောင် တပည့်တပန်းတွေကို မွေးထုတ်ပေးခဲ့တဲ့ ပါမောက္ခကြီး၊ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ဗုဒ္ဒစာပေကျမ်းဂန်တွေကို အင်္ဂလိပ် ဘာသာ ပြန်ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီး၊ အဲဒီလို ကြီးကျယ် မြင့်မြတ်တဲ့၊ တမျိုးသားလုံးက ဂုဏ်ယူထိုက်တဲ့ နိုင်ငံသားကြီး တဦး။ ဆရာကြီး ဦးဖေမောင်တင် ရာပြည့် အလွန်၊ ရန်ကုန်မှာ စာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပကြပါတယ်။ ဒီပွဲမှာ ဆရာကြီး ဦးဖေမောင်တင် ကြေးရုပ်တုကိုလည်း သွန်းထုခဲ့ကြပါတယ်။

အခမ်းအနားပြီးဆုံးလို့ဆရာကြီးရုပ်တုကို အမျိုးသားပြတိုက်ကို လှူမယ် ဆိုပြီးလုပ်တော့၊ ဟိုက အမျိုးသားပြတိုက်က လက်မခံရဲကြောင်းပါတဲ့ဗျာ။ မယုံရင်ပုံပြင်လို့သာ မှတ်ပေတော့ ကိုဒေါင်းရေ။ နောက်ပိုင်းတော့ ဆရာကြီး ဦးဖေမောင်တင် ရုပ်တုကို၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက် အသစ်ကြီးမှာပဲလား မသိ၊ လက်ခံ သိမ်းဆည်းထားတယ် ဆိုတဲ့ သတင်းသဲ့သဲ့ပဲ ကြားခဲ့ရပါတယ်။

ဒီရုပ်တုတွေဟာ နိုင်ငံတနိုင်ငံ၊ လူမျိုးတမျိုးကို ရည်ညွှန်းနိုင်တဲ့ ရုပ်တုတွေပါ။ စစ်အစိုးရတွေက ရုပ်တုတွေကို ကြောက်တယ် ဆိုတာ၊ တကယ်က ဒီရုပ်တုတွေက ကိုယ်စားပြုထားတဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားရေး၊ ညီညွတ်ရေး စတဲ့ အနက် အဓိပ္ပာယ်တွေကိုကြောက်တာပဲ မဟုတ်ဘူးလားကိုဒေါင်း။

အားလုံး ကျန်းမာ ချမ်းသာကြပါစေဗျာ။

အောင်ဝေး
ဇူလိုင် ၂၄-၂၀၁၁။

0 comments:

Post a Comment