Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

လူသိနည်းတဲ့ တို့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေ (လူမှုရေးဘ၀ မှန်ကူကွက်များ)

ကျွန်တော်တို့ သိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ တင်းမာပြတ်သားတဲ့ သဘောထား၊ ခံယူချက်၊ အပြောအဆိုတွေကနေ တို့ဗိုလ်ချုပ်က ဘယ်လိုလူလဲဆိုတာ ခန့်မှန်းကြည့်ခဲ့မိတယ်။

သူရဲ့ အမေအပေါ် ထားတဲ့ မေတ္တာတရား၊ ရဲဘော်ရဲဘက်တွေ အပေါ် ထားတဲ့ သနားညာတာမှု၊ ဇနီးနဲ့ သားသမီးအပေါ် ထားတဲ့ ထူးခြားတဲ့ ရည်မျှော်ချက်တွေကို သူနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခဲ့သူတွေရဲ့ ရေးသားချက်၊ အမြင်တွေကနေ  လူသိနည်းတဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းလေးတွေကို ကြည့်ရအောင်…….

အမေ

တစ်ခါတွင် သူ့အမေက သူ့ကိုတွေ့ရန် ရန်ကုန်သို့ ဆင်းလာပြီး ကြည့်မြင်တိုင်မှ ဆွေမျိုးများအိမ်တွင် တည်းခိုသည်။ အောင်ဆန်းသည် သူ့အမေနှင့် တွေ့သောအခါ အမေက စိုးရိမ်ပူပန်နေပြီး သူ့ကို တစ်ချိန်လုံး ကြင်နာစွာကြည့်လျက် မေးခွန်းများစွာ မေးနေသည်။ အောင်ဆန်းက တိတ်ဆိတ်နေပြီး ခေါင်းငုံထိုင်နေသည်။ သူ့အမေကို ရံဖန်ရံခါသာ ခိုးကြည့်သည်။

အမေပြန်သောအခါ ကျွန်တော်တို့ ဘူတာရုံသို့ လိုက်ပို့ကြသည်။ အောင်ဆန်းက တိတ်ဆိတ်နေပြီး ခေါင်းငုံ၍ ရပ်နေသည်။ ဘူတာမှရထား စတင်ထွက်ခွာသောအခါ ရုတ်တရက် သူ ဒူးထောက်ချလိုက်ပြီး သားအား ငေးစိုက်ကြည့်နေသောအမေ ရှိရာ ပြတင်းပေါက်ဆီသို့ လက်အုပ်ချီ၍ လှမ်းရှိခိုးလိုက်သည်။

ကျွန်တော်တို့ လမ်းလျောက်ပြန်လာသောအခါ အောင်ဆန်းက “ကျွန်တော်က အငယ်ဆုံးသားပါ။ ကျွန်တော် အမေ့ဆီကို စာမရေးဘူး။ အတော်ကလေးကို အဆက်အသွယ် ဖြတ်ထားမိတယ်။ ကျွန်တော် နိုင်ငံရေးနယ်ထဲ ရောက်နေတာ အမေ ဘယ်လိုမှသဘောမထားပေမယ့် ကျွန်တော် ဒီလောက် အေးတိအေးစက် ဖြစ်နေတာကို အမေ မလိုလားဘူး။ အမေ့ကို ကျွန်တော် သနားတယ်” ဟု ကျွန်တော်ကို ပြောသည်။

(အောင်ဆန်း၏လျှပ်တပြက်ပုံရိပ်များ - ဗိုလ်လက်ျာ (ခ) သခင်လှဖေ)

သူငယ်ချင်းတစ်ယောက်

တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကိုအောင်ဆန်း တွေ့ဆုံစကားပြောခဲ့ပုံကို သူပြန်ပြောခဲ့သောစကားလုံးအတိုင်း ဒေါက်တာသာလှ (၁၉၃၆ ကျောင်းသားသပိတ်ခေါင်းဆောင်၊ ၁၉၆၁ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)၏ ဆောင်ပါးမှ “ သိန်းတင်၊ ဒီကောင် လူမိုက်၊ အမြော်အမြင် မရှိဘူး။ သူ နမော်နမဲ့ စကားပြောခဲ့လို့ အဲဒါ သူ ဆိုတာကို သူတို့သိတယ်လို့ ပြောတယ်။ သူတို့သိထားတာကို ကျွန်တော်က အတည်ပြုရုံ ပြုပေးရင် ကျွန်တော်ကို  အရေးမယူဘူးလို့ သူတို့က ပြောတယ်။ ကျွန်တော်ကတော့ သတင်းဆိုင်ရာကျင့်ဝတ်စည်းကမ်း အရ စာရေးဆရာ ဘယ်သူဘယ်ဝါဖြစ်တဲ့ အကြောင်း ကျွန်တော်ထုတ်ဖေါ်ပြောခွင့် မရှိဘူးလို့ တုန့်ပြန်ခဲ့တယ်။ ပြောပြီးတော့ ကျွန်တော် အခန်းထဲက ထွက်လာခဲ့တယ်။”

(အိုးဝေမဂ္ဂဇင်းအယ်ဒီတာ - ဒေါက်တာသာလှ)

ဂျပန်တွင် လေ့ကျင့်သင်ကြားစဉ်

အချိန်တိုတောင်းသောကြောင့် လေ့ကျင့်သင်ကြားမှု ပြင်းထန်လိမ့်မည်ဟု ဂျပန်များက ကျွန်တော်တို့ကို ပြောသည်။ သူတို့ ဂတိတည်ကြသည်။ ကျွန်တော်တို့ကို နေ့ရော၊ ညပါ အတင်းလေ့ကျင့်ပေးကြသည်။ ရက်သတ္တပတ်အနည်းငယ် ကြာပြီးနောက်တွင် ကျွန်တော်တို့အားလုံး ဆုတ်ပြတ်ပိန်ချုံးပြီး စာခြောက်ရုပ်များနှင့် တူနေကြသည်။

တစ်ခါတွင် ကျွန်တော်တို့ ညတိုက်ပွဲ လေ့ကျင့်ရာ၌ အောင်ဆန်းသည် ဂျပန်တပ်ဖွဲ့တို့၏ တောင်ကုန်းကို သိမ်းပိုက်ရန် သူ့တပ်ဖွဲ့ကို ဦးစီးမှုးအနေဖြင့် ခေါင်းဆောင်ရသည်။ အောင်ဆန်း၏ မလျော့သောဇွဲနှင့် ကြွယ်ဝသောနည်းဗျူဟာ ကျွမ်းကျင်မှုတို့ဖြင့် မနက်စောစောပိုင်းအချိန်တွင် တောင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ အောင်မြင်မှုနေရာဖြစ်သော တောင်ထိပ်အရောက်တွင် ပင်ပန်းနွမ်းနယ်လွန်းသဖြင့် အောင်းဆန်း မူးမေ့သွားသည်။ သူ့၏ထူးခြားသော စွမ်းဆောင်ချက်ကို ဂျပန်တို့ သဘောကျသွားကြသည်။ ပန်းကန်ကို ကောင်းကောင်းမဆေးတတ်သော သူသည် စစ်ပွဲတွင်မူ ကောင်းနေသည်။

ကျွန်တော်တို့ ညဘက်စစ်လေ့ကျင့်ခန်း မရှိလျှင် ညနေစောင်းတွင် ရေချိုးကြရသည်။ တစ်ခုသော ညနေစောင်းတွင် ရေချိုးခန်းမှ ကျွန်တော်တို့ အဆောင်ဆီသို့ အပြန်တွင် အောင်ဆန်းက မီးဖိုခန်းထဲမှ ဂျပန်ကိတ်မုန့်တစ်ထုပ်ကို ခိုးယူလာခဲ့သည်။ သူသည် အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်လျက် ကိတ်မုန့်ကို ကျွန်တော်တို့အား ခွဲဝေပေးသည်။ ကိတ်မုန့်စားပြီးသောအခါ ကျွန်တော်တို့က သူ့ကို နောက်ပြောင်ကျီဆယ်ရာ သူကပြုံး၍ “ငါ ဒီလို အလုပ်မျိုး မလုပ်ချင်ဘူး” ဟုပြောပြီး ကုတင်ပေါ်တက်သွားလေသည်။ ထိုစွန့်စားခန်းသည် သူ့၏ ပထမဆုံးအတွေ့အကြုံဖြစ်၍ သူ ရှက်နေခြင်းဖြစ်သည်။ ကျွန်တော်တို့နှင့်ဂျပန်တို့အကြားတွင် အစားအစာ ခိုးယူခြင်းမှာ လုပ်ရိုးလုပ်စဉ်ဖြစ်သည်။

(အမျိုးသားခေါင်းဆောင်အဖြစ်သို့ ချီတက်ခြင်း- ဗိုလ်လက်ျာ(ခ)သခင်လှဖေ)

ကိုယ်ရံတော်ဗိုလ်

ကျွန်တော်တို့ အုပ်စုထဲမှ အငယ်ဆုံးဖြစ်သော ဗိုလ်မင်းဂေါင်ကို သူ ကောင်းကောင်းဂရုစိုက်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်လာသောအခါ ဗိုလ်မင်းဂေါင်သည် သူ၏ကိုယ်ရံတော်ဗိုလ် ဖြစ်လာသည်။ ဗိုလ်အောင်ဆန်းသည် မကြာခဏ အတွေးထဲတွင် နစ်မြှပ်နေတတ်ပြီး ဗိုလ်မင်းဂေါင်က တက်ရမည့်အစည်းအဝေးနှင့် ပြုလုပ်ရမည့်အရာများကို လိုက်လံမှတ်သားထားရသည်။

တစ်ခါက အစည်းအဝေးသွားရန် နောက်ကျနေ၍ ဗိုလ်မင်းဂေါင်က သူ့ကို မြန်မြန်သွားခိုင်းနေရသည်။ သွားနေစဉ် လမ်းတွင် ဗိုလ်အောင်ဆန်း၏ မှားတပ်ထားသော အင်္ကျြီကယ်သီးများ၊ ဒရွတ်တိုက်နေသော ဓားတို့ကို စနစ်တကျ ပြန်လည်တပ်ဆင်ပေးရသည်။ ဘွတ်ဖိနပ်ကျပ်နေသည် ဟု ငြီးငြူနေသော ဗိုလ်အောင်ဆန်းကို ရပ်ခိုင်းကာ ဘယ်၊ညာ မှားနေသောဘွတ်ဖိနပ်ကို ဘက်မှန်အောင် ပြန်လည်စွတ်ပေးရလေသည်။

(ကျွန်တော်တို့၏အထီးကျန် ဘ၀ပေးတာဝန်- ဗိုလ်ရန်အောင်(ခ) သခင်လှမြိုင်)

ဂျပန်တော်လှန်ရေးကာလ

တော်လှန်ရေးမတိုင်မီလေးတွင် အောင်ဆန်း၏မိသားစုကို ရန်ကုန်မှနေ၍ လုံခြုံစိတ်ချသောနေရာသို့ ပြောင်းရွေ့ပေးရန်တာဝန်ကို ကျွန်တော်ယူသည်။ အောင်ဆန်းက ကျွန်တော်တို့ ကောင်းသလိုစီစဉ်ရန် ပြောသည်။ မြစ်ကြောင်းခရီးမှ သမ္ဗာန်ဖြင့် မိသားစုများ ထွက်ခွာဖို့ အချိန်ကျလာသောအခါ ကျွန်တော်တို့ရဲ့ ရဲဘော်များအား မသိမသာ အစောင့်ချထားပြီး တစုံတရာ ထူးခြားလျှင် သတင်းပို့ရန် မှာထားသည်။ ထိုအချိန်တွင် “ဗိုလ်ချုပ်ကိုယ်တိုင် သူ့ရဲ့အစောင့် မောင်ဖေနဲ့အတူ လာတယ်” ဟူသော အလန့်တကြား သတင်းပို့ချက် ရောက်လာသည်။ ဘာမှမဖြစ်သလို ပြုမူရန် ကျွန်တော် ပြန်ညွှန်ကြားလိုက်သည်။ နောက်ပိုင်း ဗိုလ်ချုပ်၏အိမ်တွင် တွေ့သောအခါ “မိသားစုကို ငါသွားပြီး နှုတ်ဆက်ရတယ်။ ဒီအတွက် ငါ မတတ်နိုင်ဘူး” ဟု သူက ပြောသည်။

ဇနီး

ဂျပန်ဝင်လာပြီးနောက် တိုက်ပွဲများအပြီးတွင် တပ်များကို ပျဉ်မနားတွင် အခြေပြု၍ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဗိုလ်အောင်ဆန်းသည် ရန်ကုန်ဆေးရုံတက်ရပြီး လှပကျော့ရှင်းသော သူနာပြုဆရာမ တစ်ယောက်က သူ့ကို ပြုစုသည်။ သူမ၏ပြုစုစောင့်ရှောက်မှုကြောင့် သူ ငှက်ဖျားရောဂါ ကျသွားပြီးနောက် မကြာခင်၌ သူမမှလွဲပြီး အခြားမည်သူထံမှ ဆေးဝါးများကိုမျှ သူ မသောက်တော့ချေ။ အစားစားသောအခါ၌ လည်း သူမအနားတွင် ရှိနေရသည်။ ကလေးဆိုးကြီးတစ်ယောက်ကဲ့သို့ သူ ပြုမူသည်။ သူ့ခံစားချက်၊ သူ ပြုလုပ်သမျှ အရာအားလုံးသည် အထင်းသားပေါ်နေပြီး အောင်သွယ် မလိုတော့ချေ။ အလျင်အမြန် ပိုးပန်းပြီးနောက် ၁၉၄၂ ခုနှစ်၊ စက်တင်ဘာ(၆)ရက်တွင် သူတို့ လက်ထပ်ကြသည်။

စစ်အတွင်းကာလတွင် ဒေါ်ခင်ကြည်မှာ ဇနီးတစ်ယောက်၊ အိမ်ထောင်သည်တစ်ယောက်အဖြစ် နောက်ကွယ်တွင် တိတ်ဆိတ်စွာနေပြီး နှစ်စဉ်မိခင်အသစ် တစ်ယောက်ဖြစ်နေသည်။ (အိမ်ထောင်သည်ဘ၀ ၅နှစ်အတွင်း ကလေး ၄ယောက်ရခဲ့သည်။ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာ(၂၂)ရက်တွင် စတုတ္ထသမီးလေးကို မွေးဖွားပြီး ၊ (၄)ရက်သမီးအရောက် စက်တင်ဘာ(၂၆)ရက်နေ့တွင် သေဆုံးခဲ့သည်။)

သူတို့၏အိမ်ထောင်ရေးက ပျော်ရွှင်စရာကောင်းပြီး ဗိုလ်ချုပ်အောင်ဆန်းမှာ ကောင်းမွန်စွာ ကျွေးမွေးပြုစုခံရပုံ ပေါ်၍ ပိုမိုလူသားဆန်လာသည်။ ဒေါ်ခင်ကြည်က လိုအပ်သောတည်ငြိမ်မှုနှင့် နွေးထွေးမှုကို ပေးသည်။ သူတို့ ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း သူတို့၏အိမ်နေဘ၀မှာ ရိုးရှင်းပြီး ပျော်ရွှင်စရာကောင်းသည်။ သူတို့ထံ အလည်အပတ်ရောက်လာသူများကို သူတို့ကအမြဲကြိုဆို၍ သာမန်အစားအစာများကို မျှဝေကျွေးကြသည်။

လူထုအစည်းအဝေးပွဲများတွင် ဗိုလ်ချုပ် သုံးစွဲနေကျ ဟာသတစ်ခုမှာ ဒေါ်ခင်ကြည်ကို သူ့ဘေး၌ ထိုင်ခိုင်း၍ ဤသို့ မိတ်ဆက်ပေးခြင်းဖြစ်သည်။ “ဒါ ကျွန်တော့်ဇနီး မခင်ကြည်ပါ။ ခင်ဗျားတို့ သိပါတယ်။ သူက ကျွန်တော့်ကို လက်မထပ်ခင်က သူနာပြုဆရာမလေးပေါ့။ ဟဲ..ဟဲ … ဒီ သူနာပြုဆရာမတွေက အရမ်းကို မျက်နှာလို၊ မျက်နှာရ လုပ်ကြတာဗျ။ စစ်မတိုင်မီ ကျွန်တော်နိုင်ငံရေးသမားဘ၀က သူတို့ ကျွန်တော်ကို ကြည့်တောင် မကြည့်ခဲ့ကြဘူး။ ကျွန်တော် ဗိုလ်ချုပ် ဖြစ်လာနေတော့မှပဲ မခင်ကြည်က အရေးတယူနဲ့ ကျွန်တော့်ကို ကြည့်ပြီး လက်ထပ်တော့တယ်။ ဟဲ…ဟဲ” သူ့ခင်ပွန်းက သူ့ကို လှောင်ပြောင်ရယ်မောဖို့ ကြိုးစားနေစဉ် ဒေါ်ခင်ကြည်က စိတ်ရင်းကောင်းစွာဖြင့် ပြုံးနေတတ်သည်။ ပြည်သူများကလည်း ရယ်ကြသည်။ လှောင်ပြောင်လိုသောကြောင့် မဟုတ်ပဲ၊ ပြည်သူတို့က သူ့ကို ချစ်သောကြောင့် သူပြုမူစေလိုသောအရာကို လိုက်လံပြုလုပ်ကြခြင်း ဖြစ်သည်။

ဗိုလ်ချုပ် လုပ်ကြံခံရပြီး တစ်နာရီအတွင်း၌ အလောင်းထားရာဆေးရုံသို့ ဒေါ်ခင်ကြည်ရောက်လာသည်။ ဒဏ်ရာများမှ နွေးထွေးသောသွေးများက စိမ့်ထွက်နေကြဆဲ ရှိသည်။ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ဦးခေါင်းကို ကိုင်ပြီး သူ့ပေါင်ပေါ်တွင် တင်ထားကာ ထိုအတိုင်း အချိန်ကြာမြင့်စွာ တိတ်တဆိတ် ထိုင်နေသည်။ သူ မငိုခဲ့ချေ။ သူ့အတွက် မျက်ရည်မကျနိုင်လောက်အောင် ကြီးမားလွန်းနေသည်။ စစ်သားဇနီးဖြစ်သော သူသည် ဤအတွက် အဆုံးစွန်အထိ ပြင်ဆင်ထားသည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် သွေးများကို သူ သုတ်ပေးပြီး ဒဏ်ရာများကို သန့်ရှင်းပေးသည်။ သည့်နောက် ကျဆုံးသွားသောစစ်သည်ကို အိမ်သို့ ခေါ်ဆောင်သွားသည်။

(အောင်ဆန်း၏ဇနီး - ဒေါက်တာမောင်မောင်)

သား၊ သမီးများ

ဗိုလ်ချုပ်သည် သူမိသားစုနှင့် ပိုမိုအချိန်ဖြုန်းရရန် အမြဲတောင့်တသည်။ မိသားစုနှင့်အတူရှိနေပြီး သူ ကလေးများကို ပြုစုပျိုးထောင်ရာတွင် ပါဝင်ရန် နှင့် စာရေးရန်အတွက် မြန်မာပြည်လွတ်လပ်ရေးရလျှင် တိုင်းကျိုးပြည်ပြုတာဝန်များမှ သူ အနားယူရန် ဆုံးဖြတ်ထားသည်။

“သူတို့တွေကို မလျော်ကန်တဲ့ ချုပ်တည်းမှု တွေနဲ့ လွတ်လွတ်ကင်းကင်း ကြီးထွားခွင့်ပြုပါ။ သူတို့ရဲ့ပင်ကိုယ်စရိုက်ကို သဘာဝအတိုင်း အပြည့်အ၀ ဖွံ့ဖြိုး တိုးတက်ခွင့်ပြုပါ” ဟု သူ့ဇနီးကို သူ ပြောပြတတ်သည်။

( မိသားစုအတွက် အစီအစဉ် - ဗိုလ်ထွန်းလှ (ခ) တက္ကသိုလ်နေ၀င်း)
Thet Wai

0 comments:

Post a Comment