Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

လယ်သမားတော်လှန်ရေး လိုနေပြီ

ဒေါ်စုက အာဏာရရေးမဟုတ်ဘူးဆိုတော့ လယ်သမားတွေ လယ်သိမ်းမြေသိမ်းခံနေရတာကို ကာကွယ်ဖို့ အာဏာကို ကိုယ့်အားကိုယ်ကိုးပြီး ရအောင်ယူရတော့မယ်။ လယ်သမားတွေဟာ မြန်မာပြည်ရဲ့ လူများစုဖြစ် နေတော့ သူတို့တွေရဲ့ ဘ၀အခြေအနေတိုးတက်ရေးဟာ တိုင်းပြည်တိုးတက်ရေးအတွက် အဓိကပဲ။ အခု
ဟာ က အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေက လယ်မြေတွေကို လုပြီး သူတို့ လက်ပါးစေတွေ၊ လက်ဝေ ခံတွေအတွက် သူတို့ ဥပဒေအကာအကွယ်ရယ်၊ စစ်တပ်သြဇာရယ် သုံးပြီး ဈေးပေါပေါနဲ့ အလကားလောက် နီးနီး ခွဲဝေယူနေကြတယ်။ လယ်သမားတွေ ဘ၀ပျက်နေကြတာ မြင်မကောင်းတော့ဘူး။

ကိုဖိုးဖြူလို လူတွေက စာနာထောက်ထားပြီး အာဏာရဲ့အစွယ်အောက်မှာ လယ်သမားအရေး လိုက်လံကူညီ ပေးနေပေမယ့် သူခမျာ အာဏာမရှိ သြဇာမရှိတော့ ထင်တိုင်းမပေါက်နိုင်တဲ့အပြင် မကြာခဏ ထောင်တန်း ကျနေရမှာပဲ။ ဒါဟာ စစ်အာဏာရှင်က ပေးတဲ့ ဖိနှိပ်မှုပါပဲ။ ဒီလိုဖိနှိပ်မှုတွေကို ဖယ်ရှားဖို့က စစ်အအာဏာရှင် တွေကို ဖယ်ရှားတိုက်ဖျက်တာက အရင်စရတော့မယ်။ အာဏာဆိုတာ အခွင့်အရေးကို ကာကွယ်ဖို့။ ဒါကို ရန် သူတိုက်ဖျက်တဲ့ အလုပ်ကို ကြည့်ပြီး လန့်နေသူတွေရှိတယ်။ အာဏာဟာဟာ ယာဉ်ရထားနဲ့ တူတယ်။ ခရီး တွင်တယ်။ လမ်းလျှောက်ချင်သူလည်း လျှောက်ပေါ့၊ သူတို့ ပုဂံမပြောနဲ့ ကြပ်ပြေးတောင်မရောက်ပါဘူး။ ပြည် သူကို ကာကွယ်ဖို့ရယ်၊ ပြည်သူ့အကျိုး ထူထောင်ဖို့ရယ်အတွက် ပြည်သူ့အာဏာကို ထူထောင်ရမှာပဲ။ ဓားကို မကိုင်ရဲရင် အိမ်မဆောက်နိုင်လို့ ကျောက်ဂူထဲမှပဲ အခုထိ နေနေရတုန်းဖြစ်နေမယ်။

လယ်သမားတွေ အခုအကာအကွယ်မဲ့ သားကောင်သက်သက်ဖြစ်နေတယ်။ အုံကြွမှုတွေ မဖြစ်အောင်၊ ဖြေ သိမ့်မှုတွေနဲ့ တရားဥပဒေရှိသယောင်နဲ့ စစ်အာဏာရှင်တွေက ၀မ်းချဖို့ ဟန်ဆောင်လုပ်ရပ်တွေကြားထဲမှာ သံ သရာလည်နေရတယ်။ ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်ခေတ်ကို ပြောင်းတဲ့အခါမှာ တော်လှန်ရေးတွေ ဒါ ကြောင့် ပေါ်လာရတာပဲ။

ဒီနေ့ သန်းရွှေကြီးမှူးတဲ့ စစ်အာဏာရှင်တွေဟာ လက်ဝါးကြီးအုပ် စစ်ပဒေသရာဇ်တွေဖြစ်တယ်။ သူတို့ဟာ တိုင်းပြည်ကို သေနတ်နဲ့ မြေကိုချုပ်ကိုင်ပြီး ကြီးစိုးနေတာဖြစ်တယ်။ တိုင်းမှူး၊ ဗျူဟာမှူးဆိုတာ သူတို့နယ်စား ပယ်စားတွေပဲ။ သူတို့ ၂၀၀၈ ဥပဒေမှာကို လိုအပ်ရင် အာဏာသိမ်းဖို့ မိုက်မိုက်ကန်းကန်း ထည့်ထားတယ်။ မြေယာအားလုံး နိုင်ငံတော်က ပိုင်တယ်တဲ့။ နိုင်ငံတော်ဆိုတာ သူတို့ကိုယ်သူတို့ပြောတာ ပြည်သူတွေကို ကိုယ်စားပြုတဲ့ နိုင်ငံတော်မဟုတ်ဘူး။ နားကြားမလွဲဖို့လည်း လိုတယ်။ လူထုအစိုးရမဟုတ်တဲ့ စစ်ပဒေသရာဇ် တွေအောက်မှာ မြန်မာပြည်သူတွေ ကြီးပွားစရာအကြောင်းမရှိဘူး။

ရှေးတုန်းက မင်းကောင်းမင်းမြတ်ဆိုတာတောင် ပြည်သူတွေရဲ့အသက်ကို စိုးပိုင်သူတွေ ဖြစ်ခဲ့ကြတယ်။ မင်း ဆိုးမင်းညစ်ဆိုရင် ပိုလို့တောင် ရက်စက်ကြတယ်။ ပဒေသရာဇ်အာဏာရှင်စနစ်အောက်မှာ လူလူချင်းတန်းတူ မှု မရှိတာကို သတိရသင့်သလို ဒီနေ့ဖြစ်နေတာနဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ သာမန်ပြည်သူ မပြောနဲ့၊ ဒေါ်စု လို ထင်ရှားတဲ့ အစုလိုက် အပြုံလိုက်ကိုတောင် ဒီပဲယင်းမှာ ဗြောင်ရိုက်တာသာ ကြည့်တော့။ နောက်ပြီး ရိုက် တဲ့ သူကပဲ ပြန်ဖမ်းချုပ်သေးတယ်။ ထင်တိုင်းလုပ်ကြတယ်။ ဒီတော့ တောတောင်ထဲမှာ ပေါ်တာအထမ်းသ မားတွေ ပျောက်တာ၊ စစ်ဆေးရင်း လူမသိသူမသိ သေတာတွေက ကျနော်တို့ နေ့စဉ်လိုလို ကြားနေကျ သာ မန်သတင်းလိုတောင် ဖြစ်နေပြီမဟုတ်လား။ ဒီသက်ဦးဆံပိုင်ပဒေသရာဇ်စနစ်မျိုးဟာ အနောက်နိုင်ငံမှာ ၁၉ ရာစုနှစ်တည်းက ကုန်ခဲ့ပြီ။ ဒီစနစ်ကြောင့် တိုင်းပြည်မတိုးတက်နိုင်တာ။ ဒီစနစ်ကို လုံးဝတော်လှန်ပစ်ရမယ်။

စနစ်အကြောင်းမသိဘဲ စိတ်ကောင်းစေတနာလောက်နဲ့ လုပ်လို့မရလို့ ရှင်းပြရတာပါ၊ အခု စစ်အာဏာရှင် စစ် ပဒေသရာဇ်တွေက သူတို့အသက်ဖြစ်တဲ့ သေနတ် (စစ်တပ်) နဲ့ မြေကို ဘယ်လို အထိပါးခံမလဲ။ စစ်တပ်ရဲ့ အခွင့်ထူးခံမှု၊ ဖိနှိပ်မှုတွေကိုခံရတဲ့ ပြည်သူတွေ၊ လယ်သိမ်းခံရတဲ့ လယ်သမားတွေဟာ စစ်ပဒေသရာဇ်နဲ့ ထိပ် တိုက်မတွေ့လို့ ဘယ်လိုဖြေရှင်းမလဲ။ ဒီနေရာမှာ ဘယ်ဘက်မှာ ရပ်တည်မလဲဆိုတာပဲ။

လက်ရှိ နိုင်ငံတော်ဆိုတာ စစ်ပဒေသရာဇ် ဗိုလ်ချုပ်တွေ ကြီးစိုးနေတာ၊ လူထုဆန့်ကျင်ရေး (သူတို့လက်မှာ သွေးစွန်းနေတဲ့) စစ်ဗိုလ်ချုပ်တွေဖြစ်နေတော့ ရှိတယ်လို့ ငဲ့စရာမလို၊ မြေယာပေါ်လစီပြဿနာမှာတော့ ကျ နော်တို့အတွင်းမှာ သဘောထား တိကျပြတ်သားဖို့ လိုလာတယ်။

အထက်က တင်ပြခဲ့သလို စစ်ပဒေသရာဇ်စနစ်ကို ဆန့်ကျင်ရာမှာ ဆိုရှယ်လစ်ယောင်ယောင် စနစ်နဲ့ သွားမ လား၊ အရင်းရှင်စနစ်နဲ့ သွားမလားဆိုတာ စဉ်းစားရမယ်။ ဆိုရှယ်လစ်ယောင်ယောင်က လယ်မြေကို လယ်သ မားက စိုက်နိုင်တယ်။ မရောင်းရ၊ မလွှဲရ၊ မပိုင် ဆိုတာဖြစ်ပြီး အရင်းရှင်စနစ်က လယ်သမားက လုံးဝပိုင်တာ ဖြစ်တယ်။ ဒါက ဒီနေ့ ကြံ့ဖွတ်လွှတ်တော်မှာ ပြောစပြုနေတယ်။ ကြောင်ကို ဘယ်ကြွက်က ခြူဆွဲမလဲ။

ကျနော်က “လယ်လုပ်သူလယ်ပိုင်းရေးမူ” အရင်းရှင်မူအတိုင်း သွားရမယ်လို့ ယုံကြည်တယ်။ ဒါမှ စစ်ပဒေသ ရာဇ်စနစ်အောက်က လွတ်မြောက်မှာဖြစ်သလို ဖွံ့ဖြိုးမှုဟာ အရှိန်အဟုန်နဲ့ ခုန်ပျံတိုးတက်လိမ့်မယ်။ ပြည်သူ လူထုတွေဟာ သူတို့ကြမ္မာကို သူတို့ဖန်တီးနိုင်တယ်ဆိုတာကို ခံစားလာကြမယ်။ ဒီနေရာမှာ လက်ဝဲ သူငယ် နာမစင်သူတွေက အရင်းရှင်လွှမ်းမိုးမှုကို စိုးရိမ်ကောင်းစိုးရိမ်နိုင်တယ်။ အရင်းရှင်ဒီမိုကရေစီလို့ဆိုရာမှာ အဖွဲ့ အစည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်တွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ၊ ဟောပြောစည်းရုံးခွင့်တွေ အပြည့် ရှိနေရမှာဖြစ်တော့ မြန်မာပြည်က လူထုတွေ ချင့်ချိန်စဉ်းစားနိုင်လာဖို့ မျှော်လင့်နိုင်တယ်။ အရင်းရှင်စနစ်ကြီး ထွားလာသလို လူတန်းစားတိုက်ပွဲတွေလည်း ပီပြင်ရှင်းလင်းလာလိမ့်မယ်။ လူတန်းစားတိုက်ပွဲကို အကျိုးပြု စေလိမ့်မယ်။

ဒါကြောင့် ပုဂ္ဂလိကပိုင်ဆိုင်မှုကို အသိအမှတ်ပြုတဲ့ အရင်းရှင်စနစ်၊ မြေယာမှာ “လယ်လုပ်သူလယ်ပိုင်ခွင့်” ကို ကျနော်တို့ အကောင်အထည်ဖော်ရမယ်။

အကောင်အထည်ဖော်တဲ့ကိစ္စ

မြန်မာ့တော်လှန်ရေးသမိုင်းတလျှောက်မှာ မြေယာတော်လှန်ရေး အရေးပါတာကို ပြောတာကြားရပေမယ့် စိုက်စိုက်မတ်မတ် အကောင်အထည်ဖော်တာကို လေ့လာမိသလောက် မတွေ့ရဘူး။ တရုတ်ပြည်မှာ ဥက္ကဌ မော်တို့တုန်းက လေးလေးနက်နက် လုပ်ကြတာကို တွေ့ရတယ်။ ကျနော်တို့ဆီမှာ ဘာကြောင့် မလုပ်ကြတာ လဲ လေ့လာတုန်းပဲ။ လယ်သမားတွေ အခုလို အားကိုးစရာမရှိ ဖြစ်နေချိန်မှာ လယ်ယာမြေပေါ်လစီကို မှန်မှန် ကန်ကန် ချနိုင်ရင် လက်နက်ကိုင်တော်လှန်ရေးအတွက် တိုက်ရိုက်အကျိုးပြုမှာဖြစ်လို့ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်တွေကို ဖြိုပြီးသားဖြစ်မယ်။ ဒီမိုကရေစီကျင့်စဉ်တွေကို မြေယာကအစ ကျင့်သုံးနိုင်လိမ့်မယ်။ လယ် သမားတွေရဲ့ ထောက်ခံမှုအားပေးမှုကို အခိုင်အမာ ရနိုင်မှာလည်းဖြစ်တယ်။

ကျနော့်အမြင်တော့ ကျေးလက်တွေမှာ “စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးကော်မီတီ” တွေ ဖွဲ့ပြီး “လယ်လုပ်သူလယ်ပိုင်ရေး” “မြေယာတော်လှန်ရေး” လုပ်ငန်းတွေကို မြေအောက်တပိုင်းနည်း မြေ အောက်နည်း၊ လက်နက်ကိုင်နည်းတွေနဲ့ ဖော်နိုင်အောင် ကြိုးပမ်းရမယ်။ တိုင်းရင်းသားလက်နက်ကိုင် အင် အားစုတွေကလဲ လယ်သမားတွေရဲ့လှုပ်ရှားမှုကို ဦးဆောင်မှုပေးသင့်တယ်။ မြေယာတော်လှန်ရေး တိုင်းပြည် အနှံ့ ပေါ်ပေါက်နိုင်ရေးအတွက် အနိမ့်ဆုံးအဆင့် “လွတ်မြောက်ရေးကော်မီတီများ” ပေါ်ပေါက်အောင် အား ပေးထောက်ကူသင့်ပါတယ်။

မြန်မာပြည်တော်လှန်ရေး မအောင်မြင်ရတဲ့အကြောင်းထဲမှာ တော်လှန်ရေးအမြင် အားနည်းတာ၊ ကိုယ့်ဘက် အင်အားကို အပြည့်အ၀ အသုံးချဖို့ မမြင်တာ၊ ဂိုဏ်းဂဏနဲ့ လူမျိုးရေးအမြင် မစင်တာ။ တိုက်ပွဲဝင်ရေးထက် အချောင်ရမယ့် အခွင့်အရေးကို မက်တာ၊ ကယ်တင်ရှင်ကို မျှော်တာတွေပဲလို့ တင်ပြလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်ပဒေသရာဇ်ကို ၀ိုင်းတိုက်ကြ။
မြေယာတော်လှန်ရေး လုပ်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်

0 comments:

Post a Comment