Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ဇွန် (၆) အလုပ်သမားအရေးတော်ပုံ စာစုများ.-(အရေးတော်ပုံ)၁

မေ-ဇွန် အလုပ်သမား အရေးအခင်း "ဆင်မလိုက် သင်္ဘောကျင်းတိုက်ပွဲ"
Saturday, May 30, 2009
ရဲဘော်ဝင်းထိန်
သင်္ဘောကျင်းမှာ ကျွန်တော်က ကောင်စီဝင်တဦး ဖြစ်ပါတယ်။ အလုပ်သမားထုက ရွေးချယ်ပြီးတင်မြှောက်လိုက်တဲ့ ကိုယ် စားလှယ်ပါ။ ကောင်စီကနေပြီး ကျွန်တော့်ကို ထုတ်လုပ်ရေး အတွင်းရေးမှူး၊ စည်းကမ်းထိမ်းသိမ်းရေး အတွင်းရေးမှူး၊ စံပြရွေးချယ်ရေး အတွင်းရေးမှူး ဆိုပြီး တာဝန် ၃ ခု ပေးပါတယ်။

(အခု VOA မှာ လုပ်နေတဲ့) ဦးချစ်ဦး (၃၇) နှစ် ဆိုတာက ကျွန်တော်တို့ ကောင်စီဥက္ကဋ္ဌပါ။ သူက စာရင်းကိုင်ချုပ်။ ကျွန်တော်တို့ သင်္ဘောကျင်းမှာ လခ ကျပ် ၁၂ဝဝ နဲ့ ဘားဆုံးနေပြီ။ ကောင်စီအစည်းအဝေးကို အပတ်တိုင်း ထိုင်ရတယ်။ တက်ရောက်တဲ့သူတွေထဲမှာ ဦးချစ်ဦး၊ ဗိုလ်မှူးရဲညွန့်၊ ကောင်စီအထွေထွေအတွင်းရေးမှူး၊ နောက် ဌာနဆိုင်ရာ အလုပ် သမား ကိုယ်စားလှယ်တွေ...

ဆင်မလိုက် သင်္ဘောကျင်းက ယူဂိုစလဗ်က အကူအညီပေးတာ၊ သိန်း ၆၅ဝ ကုန်ကျတယ်။ ယူဂိုစလဗ် အင်ဂျင်နီယာ တွေနဲ့ အတူ အလုပ် လုပ်ကြရတယ်။ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အနောက်ဂျာမဏီ လျှပ်စစ် ဆီးမင်း ကုမ္ပဏီရှိတယ်။ တပ်ဆင်ထားတဲ့ စက်တွေက အရှေ့ဂျာမဏီ စက်တွေ။ စက်ရုံထဲမှာ သင်္ဘောလွန်းလမ်းတွေ၊ သင်္ဘောကို တနေရာက တနေရာကူးပြောင်း ပေးတဲ့ Transmitter ရေကန်ကြီးတွေ၊ သင်္ဘော တည်ဆောက်ရေးစက်ရုံ၊ အလုပ်ရုံတွေပေါင်းစုံ၊ ဌာနပေါင်းစုံ ရှိပါတယ်။ အလုပ်သမားတွေ ဆိုတာကလဲ များသောအားဖြင့် ကိုးတန်း၊ ဆယ်တန်း သမားတွေ.. အလုပ်သမားပေါင်း ၁ဝဝဝ ခန့် ရှိတယ်။

ကျွန်တော်တို့ အနေနဲ့ တန်ချိန် ၃ဝဝဝ ရှိတဲ့ မေယု သင်္ဘောက အစ ရန်မျိုးအောင် စစ်သင်္ဘော အထိ ကုန်းပေါ် တင် ကြရတယ်၊ Five Stars က ပြည်တော်ညွန့် သင်္ဘောလဲ တင်ရတာပဲ။ လုပ်ရတဲ့ အလုပ်က အတတ်ပညာမြင့်တယ်။ တချို့ အလုပ်တွေက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်နဲ့ လုပ်ရမယ့် ဟာတွေကို လူအားနဲ့ လုပ်နေရလို့ ဖြစ်တယ်။ ဥပမာ... ဆိုပါတော့ တန်ဝက်လောက် လေးတဲ့ဟာ ဆိုရင် ချိန်းဘလောက်နဲ့ မ, ရမှာ ဖြစ်ပေမယ့် လူ ၄,၅ ယောက်နဲ့ မ, နေရတော့ လူတွေဟာ အကြောအခြင်တွေ ပြတ်ထွက်ကုန်ပြီလား ခံစားရတယ်။ နောက် သင်္ဘောပန် ကာကြီးတွေ ဖြုတ်တဲ့ အခါ ၁၂ ပေါင် လေးတဲ့ တူကြီးနဲ့ တအား လွှဲ, လွှဲရိုက်ပြီး ဖြုတ်ကြရတာ၊ မေယု ပန်ကာ ဆိုရင် ၂ တန် ၃ တန် လောက် လေးတယ်။ အဲဒါကြီးကို ချိန်းဘလောက်နဲ့ ဖြုတ် တူနဲ့ ရိုက်ရတဲ့ အလုပ်သမားတွေဟာ တပေါင်း တန်ခူး နေပူကြီးထဲမှာ၊ စဉ်းစားသာ ကြည့်ပါ။

သင်္ဘောဝမ်းထဲ လေးဘက်ထောက်ဝင်ပြီး ရပစ် (Rivet) ရိုက်ရတဲ့ အခါ မျိုးဆိုရင် သေချင်စော် နံတယ်။ ဒါပေမဲ့ ရတဲ့ လခ ကျတော့ သိပ်နည်းတယ်။ ကျွန်တော်တို့ ကောင်စီက လူတွေဟာ ရန်ကုန်တိုင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံတွေကို မကြာမကြာ လေ့လာခွင့် ရပါတယ်။ ဘီပီအိုင်၊ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင် နဲ့အထည်စက်ရုံ စသည် ရောက်ဖူးတယ်။ ဒီအပေါ်က ကျွန်တော်တို့ အလုပ်သမားတွေ နှိုင်းယှဉ်ပြီး ဆွေးနွေးခဲ့ကြတယ်။ အလုပ်သမားတွေရဲ့ နေထိုင်စား သောက်မှုဘဝ၊ အလုပ် ခွင် အခြေအနေ၊ လစာ၊ ထောက်ပံ့မှု၊ စောင့်ရှောက်မှု စသည်။ ထောင့်ပေါင်းစုံက ကြည့်ပါတယ်။

ဥပမာ…ဘီပီအိုင် (ဆေးဝါးစက်ရုံ) မှာဆိုရင် ကလေးထိန်းဌာန ရှိတယ်။ စည်းကမ်းသတ်မှတ်မှု မြင့်တယ်။ အခန်းထဲ ဝင်ရင် ဘိနပ်ချွတ်ဝင်၊ ပိုးသတ်ထားတဲ့ ဝတ်စုံတွေ လဲပြီးမှ ဝင်ရတာမျိုး။ လေ့လာရေးက ပြန်လာရင် ကောင်စီအစည်းအဝေး ထိုင် ရတယ်။ ထုတ်လုပ်ရေး ဘယ်လိုတိုးအောင် လုပ်ရမလဲ၊ ဆွေးနွေးကြတယ်။ ဒီနေရာမှာ မဆလခေတ် အရာရှိကြီးတွေနဲ့ သူတို့ လည်ပတ်နေတဲ့ ယန္တားရားကြီး အကြောင်းကို မိမိနဲ့ ဆက်စပ်နေတဲ့ အပိုင်းကနေပြီး ပြောပြချင်တယ်။

တယောက်က ဗိုလ်မှူးကြီး တင်စိုး သယ်ယူပို့ဆောင်ရေးမှာ ဦးသာကျော် ပြီးရင် သူပဲ။ သူက "ဒီမှာ ကိုဝင်းထိန် ခင်ဗျား သိတဲ့ အတိုင်း ကျွန်တော်ဟာ အစိုးရ အကြီးတန်းအရာရှိ ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ဘာမှ လုပ်လို့ မရဘူး" တဲ့။ အဲဒီကောင်စီ အစည်းအဝေးမှာပဲ ကျွန်တော်က "ထုတ်လုပ်ရေးမှာ M -၆ လုံးလို့ ပြောကြတယ်။ Man လူ၊ Machine ဆိုတဲ့ စက်ကရိယာ၊ Market ဈေးကွက်၊ Money ဆိုတဲ့ ပိုက်ဆံ၊ Method နည်းပညာနဲ့ Management ခေါ်တဲ့ စီမံခန့်ခွဲမှု။ ကျွန်တော်တို့ စက်ရုံမှာ ခေတ်မီဖို့ ဆိုရင် ကျွန်တော်တို့ အလုပ်သမား အားလုံးကို အတတ်ပညာ မြှင့်ရမယ်။ စက်ရုံကို ခေတ်မီဖို့ M-၆ လုံး တပ်ဆင်ရမယ်။

ကျွန်တော်တို့ သိပ်ပင်ပန်း နေတယ်။ လစာ ကနည်းတယ်။ အာဟာရ မလိုက်နိုင်၊ ခွန်အားမရှိ။ ခေတ်က မမီတော့ ကရိန်းနဲ့ လုပ်ရမယ့် ဟာကို လူတွေနဲ့ မ, နေရတယ်။ ဒါကြောင့် M ၆ လုံး ကိစ္စ အမြန် စဉ်းစား ပေးကြပါ" လို့ ပြော လိုက်တယ်။ ဒု ဗိုလ်မှူးကြီး ညွန့်အောင် ဆိုတာ ရှိတယ်။ အဲဒီတုန်းက သူက ရန်လုံးအောင် စစ်ရေယာဉ်ရဲ့ C.O ဖြစ်တယ်။ ဗိုလ်နေဝင်း စာတိုက်ကြီး စာရေး လုပ်နေစဉ်က သူ့ကို ထိန်းပေးရတာ ဆိုတော့ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ သူ့ အထက်က ဗိုလ်ချုပ် သောင်းတင် လာရင်လဲ salute မပေးဘူး။ မမြင်ချင်ယောင်ဆောင်နေတာ။

ကျွန်တော်တို့ရဲ့ GM (အထွေထွေ မန်နေဂျာ) က ဦးမျိုးခင် ဆိုတဲ့ ရခိုင်ကုလားကြီး၊ သူက စက်ရုံကို သိပ်ဖွံ့ဖြိုးချင်တယ်။ သိပ် တိုးတက်ချင်တယ်။ အလုပ်သမားတွေရဲ့ ဘဝကို ကောင်းစေချင်တယ်။ ဒါကို သိတဲ့အခါ သူ့အထက်အရာရှိ- ဦးသာကျော်က "ဟေ့ မျိုးခင်" ဆိုပြီး 'ငါ' နဲ့ ကိုင်တုတ်တယ်။ ဦးသာကျော်ဟာ ရခိုင်တွေထဲမှာ ဘုရင်လို ဆက်ဆံတာ - တော်တော်များများ က သူ့ကို ဘုရားမထူးရရုံ တမယ်ပဲ။

ရေတပ်ရဲ့ အထာက တမျိုး၊ ဗိုလ်တွေကို ထမင်းပို့ရတဲ့ AP တပ်သားတွေ ရှိသေးတယ်။ ထမင်းပို့တဲ့ အခါ သူတို့ မ ကြည် လို့ရှိရင် ထမင်းထဲ တံတွေးထွေးထည့်ပေးလိုက်တာ- မိသွားတဲ့ အခါ ထိုးကြ ကြိတ်ကြ ဖြစ်ကြတယ်။ သူတို့နဲ့ ကျွန်တော်တို့ အလုပ်သမားတွေ ယေဘုယျအားဖြင့် ခင်ကြတယ်။ အရာရှိရော တပ်သားတွေပါ ခင်ကြတယ်။ ဘဝ အရကို မခင်လို့ မဖြစ်ဘူး။ လူ ၂ဝဝ-၃ဝဝ လောက် စီးတဲ့ တန်ချိန် ၃ဝဝဝ လောက် ရှိတဲ့ စစ်သင်္ဘောကြီး ပင်လယ်ထဲ သွားတဲ့အခါ အလုပ်သမားတွေ လုပ်ပေးလိုက်တာ မသေသပ်ရင် လိုရာမရောက် သေရွာရောက်သွားနိုင်တယ်။ သင်္ဘော ဒေါက်ဆင်းရင် ကျွန်တော် လက်မှတ်ထိုးမှ ထွက်ခွင့်ရတာ ဆိုတော့ ကျွန်တော့်ကို အရေးပေးပါတယ်။

မေဒေးတို့ ပြည်ထောင်စုနေ့တို့ဆိုရင် ကျွန်တော်တို့ သင်္ဘောကျင်း အလုပ်သမားတွေပဲ ထမနဲ ထိုးပေးရတယ်။ လူ ထောင် သောင်းအတွက် ထိုးပေးရတာပါ။ ကျွန်တော် အလုပ်သမားတွေနဲ့ အတူထိုး အတူစားနေခဲ့တယ်။ သင်္ဘောကျင်းမှာ စာကြည့် တိုက် ဖွင့်တယ်။ အတူဖတ်ကြ လေ့လာကြတယ်။ ဒီအလုပ်သမားတွေထဲမှာ ရုရှား၊ ပိုလန်၊ အရှေ့ ဂျာမဏီ...စတဲ့ ဆိုရှယ်လစ် နိုင်ငံတွေကို သွားပြီး ပညာသင်ခဲ့ရသူတွေ ရှိတယ်။ ဒါကြောင့် ဆိုရှယ်လစ် စနစ်အပေါ် တိမ်းညွှတ်မှု ရှိကြတယ်။

အထက်မှာ ပြောခဲ့တာတွေဟာ အရေးအခင်း မပေါ်မီ နောက်ခံ အနေအထားတွေ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဌာနနဲ့ ဆိုင်တဲ့ အရေးအခင်းအကြောင်း တင်ပြပါမယ်။ ဇွန်လ ၅-ရက်နေ့က စပါမယ်။ ကျွန်တော်တို့ ဆင်မလိုက် သင်္ဘောကျင်းနဲ့ လှည်းတန်း မီးရထားလမ်းနဲ့က ကပ်နေတယ်။ ရန်ကုန်ဘက်က မီးရထားအလုပ်သမားတွေ အင်းစိန် ဘက် ချီတက်သွားကြပြီ ဆိုတဲ့သတင်း ကြားနေကြရပြီ။ ၆-ရက်နေ့မှာ ထုံးစံအတိုင်း ဌာနကို အစောကြီးသွားတယ်။ သန့်ရှင်းရေးလုပ်၊ ရေနွေးတည်၊ စာကြည့်တိုက်ဖွင့်၊ စက်ရုံ ဖွင့်ပေးပြီး ကဲန်တင်းထဲ သွားထိုင်ပြီး စောင့်နေတုန်း အလုပ်သမားတွေ ဝင်လာတယ်။ "ကိုဝင်းထိန် ဟိုမှာ မီးရထားမှာတော့ ဆန္ဒပြမှုတွေ ဖြစ်နေပြီ။ ဘာလုပ်ကြမလဲ?" လို့ အလုပ်သမား ရဲဘော် ကိုဘာစိန်က မေးတယ်။

"သူတို့တောင် မှောက်ရင် ကျွန်တော်တို့လဲ မှောက် ပေါ့ ...ဗျာ။ ဒါ ကိစ္စ ကောင်းပဲ။" ... ဆိုပြီး လက်မြှောက် ပြလိုက်တယ်။ အလုပ်သမားတွေကလဲ အားလုံးလက်မြှောက်ပြလိုက်ကြကာ "ဒီလိုဆိုရင် ကျွန်တော်တို့ သပိတ်မှောက် ကြမယ်။" လို့ ညှိ လိုက်ကြတယ်။ ကဗျာကယာ ဆိုင်ထဲ စားသောက်ပြီး ထွက်လာကြတယ်။ ဆိုင်ရှေ့မှာ ကျွန်တော်က "သပိတ်…သပိတ်" တိုင်တာနဲ့ 'မှောက် မှောက်' ဆိုတဲ့ အသံတွေ ဟိန်းထွက်ခဲ့တယ်။ အလုပ်သမားတွေကို ကျွန်တော်က "ရဲဘော်တို့ ... ခုအချိန်က စပြီးတော့ သပိတ်မှောက်မယ်။ တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက် တို့ သပိတ်မှောက် ကြမယ်။ ဆန္ဒပြကြမယ်။ ဒီအခွင့်အရေးတွေ ရရှိဖို့ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြမယ်။" လို့ လှုံ့ဆော်လိုက်တယ်။ အလုပ် သမားတွေ တဖြောဖြော ရောက်ရှိလာချိန်မှာတော့ ကျွန်တော်က စားပွဲတလုံးပေါ်တက် ရပ်လိုက်ပြီး "သပိတ်၊ သပိတ်" လို့ တိုင်လိုက်တာနဲ့ "မှောက်...မှောက်" ဆိုတဲ့ အသံကြီးက တုန်ဟီးထွက်ပေါ် လာတယ်။ နောက်တော့ တခြားစက်ရုံတွေဘက် ချီတက်ကြတယ်။

ဝယ်လ်ဒါရှော့ (Welder Shop) ဘက် ရောက်တော့ တခါ "ရဲဘော် အလုပ်သမား အပေါင်းတို့တို့ရဲ့ အခွင့်အရေးတွေ ကိုရဖို့ တိုက်ပွဲဝင်ကြမယ်။ ဒီအတွက် တို့ အလုပ် မလုပ်ကြတော့ဘူး။ စက်ရုံတွေ ပိတ်မယ်" လို့ ကြေညာလိုက်တယ်။ ရဲဘော် ဘာရွှေ က "အလုပ်သမား သပိတ်... မှောက်၊ မှောက်" လို့ တိုင်ပေးတယ်။ နောက် ကျွန်တော်က ဖိတင်ရှော့က သော့၊ ဝယ်လ်ဒါ ရှော့က သော့၊ ၂ချောင်းကို သိမ်းထားလိုက်တယ်။ ရဲဘော်ဘာရွှေ ဦးဆောင်တဲ့ အလုပ်သမားတွေက ဒေါက်ကာ (Docker) ဘက်ကို ထွက်သွားကြတယ်။ ရဲဘော် ဘာရွှေဟာ ကရိန်းပေါ် တက်လိုက်ပြီး "အလုပ်သမား ရဲဘော် အပေါင်းတို့ ခု အချိန်မှာ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို တောင်းဆိုမယ်။ ရအောင်ကို တောင်းဆိုမယ်။ နွားမွေးရင် မြက်ကျွေးရ မယ်။ လူမွေးရင် ဆန်ပေးရမယ်။" လို့ ဟောပြောတယ်။ အလုပ်သမား ထုကြီး က "ဒို့အရေး ဒို့အရေး" လို့ ကြွေးကြော်ကြ တယ်။

အဲဒီလိုနဲ့ ကျွန်တော်တို့တတွေ အယ်လက်ထရီကယ်ရှော့၊ မရှင်းရှော့၊ ရှစ်ဘီလ်ဒင် (Ship Building)၊ နောက် ဝယ်လ်ဒင်ရှော့၊ ကာပင်တာ (Carpenter) ဘော်ဒီ (Body) ရှော့၊ အင်ဂျင်ရီပဲယားရှော့ (Engine Repair Shop)၊ ဝန်ကြီးရုံး (TLC)၊ ဦးသာ ကျော် ရုံး ( သင်္ဘောကျင်းထဲမှာပဲ သုံးတယ်) တွေဘက် လှည့်လည်ကြတယ်။ အဲဒီနေ့က ဦးသာကျော် မလာဘူး။ သူက အလယ်ထပ်မှာ နေတယ်။ ဝန်ကြီးရုံးမှာ အမျိုးသား၊ အမျိုးသမီး ဝန်ထမ်းတွေ ရှိတယ်။ သူတို့ကို ကျွန်တော်က ပြောတယ်။

"သင်္ဘောကျင်း တခုလုံးကို အလုပ်သမားတွေ သိမ်းလိုက်ပြီ၊ အဲဒီတော့ ခင်ဗျားတို့ အလုပ်သမားတွေနဲ့ လက်တွဲပြီး သပိတ် မှောက်ပါ။ အတူတကွ ကျွန်တော်တို့ အခွင့်အရေးတွေကို တောင်းဆိုကြမယ်။ မရမချင်း တောင်းမှာ ဖြစ်တယ်။ ခင်ဗျားတို့ အလုပ်မဆင်းကြပါနဲ့ "သူတို့ဘက်က တုံ့ပြန်မှု ကောင်းပါတယ်။ အလုပ်မဆင်းကြပါဘူး။ ဒီကနေ ဆေးခန်းထဲ သွားတယ်။ ဒေါက်တာ စီစီနဲ့ နာ့စ်မလေး တင်တင်မူ ရှိတယ်။ သူတို့ နှစ်ယောက်စလုံး အလုပ်သမားတွေနဲ့ ခင်ကြတယ်။ စေတနာလဲ ကောင်းကြတယ်။ ဆေးပေး ရက်ရောတယ်။ တက်ထရာ ဆိုက်ကလင်း ဆို လက်တခုပ်ကြီး ပေးတာ။ သူတို့က အိမ်ပြန်ဖို့ ပြင် နေကြပြီ၊ ကျွန်တော်က အလုပ်သမားတွေကို ပစ်မသွားဖို့၊ အတူ လက်တွဲ တိုက်ဖို့ တောင်းပန် ပါတယ်။ သူတို့လဲ အလုပ် သမားတွေကို စာနာပြီး မျက်ရည်တွေ ဝိုင်းလာကြတယ်။ နောက်တော့ အတူ လက်တွဲ တိုက်ဖို့ သန္နိဌာန် ချကြတယ်။

အလုပ်သမား ရဲဘော်တွေက ကျွန်တော့်ဆီ ရောက်လာတယ်။ "ရဲဘော် ဝင်းထိန် တချို့ အရာရှိတွေ သပိတ်ကို ဖြိုခွဲဖို့ ကြိုးစား နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ? ရိုက်ကြရမှာလား?" လို့ ပြောတာနဲ့ "ဟာ မလုပ် လိုက်ကြပါနဲ့၊ ထိန်းသိမ်းထားပါ။ ဒီမှာ ရုံးဖွင့်ထားတာပဲ၊ ဒီကို ခေါ်ခဲ့ပါ" ဆိုတော့ မကြာခင် ကောင်စီဥက္ကဋ္ဌ ဦးချစ်ဦး၊ ဒု ဥက္ကဋ္ဌ ဦးအုန်းမောင်၊ နောက် အတွင်းရေးမှူး ကိုလှမြင့် ပါလာတယ်။ ပြီးတော့မှ မန်နေဂျာ ဦးမျိုးထွဋ်၊ ဦးဘကြိုင် စသူ တို့ ပါလာတယ်။ သူတို့ မျက်နှာတွေလဲ မကောင်းကြဘူး။ ကျွန်တော်က "ဦးမျိုးထွဋ်တို့ ဦးချစ်ဦးတို့ ခင်ဗျား စိတ်မရှိပါနဲ့၊ လုံခြုံရေးအတွက် ခေါ်ရ တာပါ။ ကျွန်တော်တို့ကို ယုံစေချင်တယ်။ ခင်ဗျားတို့ကို မသတ်ပါဘူး။ ခုလို အပြင်မှာ လုပ်နေတာကို အလုပ်သမားတွေက ခင်ဗျားတို့အပေါ် သံသယ ဖြစ်နေတယ်။ ဒါကြောင့် လုံခြုံရေးအခန်းမှာ နေကြပါ" လို့ ပြောပြီး ထိန်းထားလိုက်ရပါတယ်။ လုံခြုံ ရေး သော့တွေအပါ သော့အားလုံးကို ကျွန်တော် ကိုင်ထားပါတယ်။ သပိတ် တိုက်ပွဲကို ၈ နာရီ ၉ နာရီမှာ စလိုက်ကြပြီမို့ အလုပ်သမား သပိတ်ကော်မတီလဲ ဖွဲ့ကြရတယ်။ ဥက္ကဋ္ဌ ကျွန်တော်၊ ဒု ဥက္ကဋ္ဌ ကိုဘန်ရွှေ၊ အကြံပေး ကိုတင်မြင့် စသည် တာဝန် ပေးကြတယ်။ ဥက္ကဋ္ဌ အနေနဲ့ ဂိတ်က အုတ်တိုင်တတိုင် ပေါ်တက် မိုက်ကရိုဖုန်း ကိုင်ပြီး မိန့်ခွန်းပြောရတယ်။

"ရဲဘော် အလုပ်သမားအပေါင်းတို့ ခုအချိန်ကစပြီး ဒို့တတွေ ဆင်မလိုက်သင်္ဘောကျင်းကို သိမ်းလိုက်ပြီ၊ စက်ရုံတွေ အားလုံး ကို တို့ သိမ်းပိုက်လိုက်ပြီ၊ စက်ရုံတွေနဲ့အတူ စစ်သင်္ဘောတွေကိုလဲ သိမ်းထားလိုက်ပြီ၊ ဒါကြောင့် စက်ရုံတွေ အားလုံးဟာ သင်္ဘောတွေ အားလုံးဟာ တို့ အလုပ်သမားတွေရဲ့ အာဏာအောက်မှာ ရှိတယ်။ ဒါကြောင့် တို့သိမ်းပိုက် ထားတဲ့ စက်ရုံတွေ အတွက် တို့ အလုပ်သမားတွေ ပြည်သူတွေရဲ့ အကျိုးအတွက် တို့ သပိတ်မှောက် ဆန္ဒပြမယ်။ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ဟာ အညံ့မခံဘူး။ အလျှော့မပေးဘူး။ ရဲဘော် အလုပ်သမား အပေါင်းတို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။" လို့လဲ တောင်းဆိုလိုက်ရော အလုပ်သမားတွေက "ဒို့အ ရေး ဒို့ အရေး" လို့ ကြွေးကြော်လိုက်ကြတယ်။

ကျွန်တော်က ဆက်ပြီး ကောင်စီမှာ ကျွန်တော်တင်ပြဆွေးနွေးတဲ့ M ၆လုံး ကိစ္စ ရှင်းပြပါတယ်။ နောက်မှ "ဒီ M ၆လုံး ပြည့်ပြည့်စုံစုံ မရှိဘဲနဲ့ ဒီလောက် ခေတ်မီတဲ့ သင်္ဘောကျင်းကြီး မလည်ပတ်နိုင်ဘူး။ ကရိန်းနဲ့ မ, ရမယ့်ဟာကို လူတွေနဲ့ မ နေကြရတယ်။ ရဗစ် ရိုက်နေတဲ့ အလုပ်သမားတွေကို ကြည့်လိုက်ဦး စစ်ဘိနပ်က ကျွဲတဖက်၊ နွားတဖက် ကိုယ်ပေါ်မှာ စက်ဆီတွေပေ၊ တပေါင်း တန်ခူး ဧပြီ လကြီးထဲမှာ ခွေးတွေလို ၄ ဘက်ထောက် ရဗစ်ရိုက်နေကြရတယ်။ သံဂဟေဆော်တဲ့ အလုပ်သမားတွေ ခဏခဏ ဓာတ်လိုက်ခံရတာတို့ ဘာတို့ ဖြစ်ကုန်တယ်။ ဆိုချင်တာက လုပ်ငန်းခွင် ဟာ အန္တရာယ် မကင်း ဘူး။ အန္တရာယ် ကင်းအောင် ရဲဘော်တို့ တောင်းဆိုကြရလိမ့်မယ်။

နောက်တခု ရဲဘော်တို့ အလုပ် ဆင်းတဲ့ အခါ ၇ နာရီခွဲ အရောက်လာနိုင်ဖို့ ၆ နာရီ ကတည်းက အိမ်က ထွက်ရတယ်။ မိုးချုပ် မှ အိမ် ပြန်ရောက်တယ်။ အချိန်တွေ အများကြီး ကုန်သွားပြီ။ တနေကုန် အလုပ်ထဲမှာပဲ နစ်နေကြရတယ်။ ရတဲ့ လစာက သိပ်နည်းတယ်။ ဒါကြောင့် ဒီမှာ အိမ်ခန်းရဖို့ လိုလာပြီ။ အိမ်ခန်းရဖို့ တောင်းဆိုရမယ်။ အိုဗာတိုင်ကိစ္စလဲ ပြောရမယ်။ အိုဗာ တိုင် ကို တလ ၇၂ နာရီပဲ လုပ်ခွင့်ပေးတယ်။ တို့ လက်တွေ့ လုပ်ပးကြရတာက နာရီ ၁ဝဝ ကျော် တယ်။ နာရီကျော်တွေဟာ ဒေးအော့ (day off) နဲ့ပဲ ပြန်ရတယ်။ ဆိုချင်တာက အိုဗာတိုင် လုပ်ခ အပြည့်မရဘူး။ ရတဲ့ လစာက သိပ်နည်း။ တချို့ ဘား ဆုံးနေပြီ။ ပရိုမိုးရှင်း တင်ပေးသင့်ပြီ။ ချုပ်လိုက်ရင် လုပ်ခတွေ သိပ်နည်းတယ်။ အိုဗာ တိုင် တအားလုပ်နေရတယ်။ လုပ်ငန်း ခွင် ကလဲ အန္တရာယ်ကြီးတယ်။ ဒါကြောင့် ဒါတွေအတွက် တို့ တိုက်ကြမယ်။ ဆန်လုံလောက်စွာရဖို့ တောင်းဆိုရမယ်။ လစာ တိုးပေးဖို့၊ ရာထူးတိုးပေးဖို့၊ နေအိမ်ရရှိဖို့၊ ကုန်ဈေးနှုန်း ကျဆင်းဖို့ တွေလဲ တောင်းဆိုကြရမယ်။" နောက်တော့ ကျွန်တော်က ကြွေးကြော်သံတိုင်ပေးလိုက်ပါတယ်။

ဆန်လုံလောက်စွာ ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)

ကုန်ဈေးနှုန်း ကျဆင်းရေး.... (ဒို့အရေး၊ ဒို့အရေး)

နေအိမ်ရရှိရေး..... (ဒို့အရေး၊ ဒို့အရေး)

လုပ်ငန်းခွင် အန္တရယ်ကင်းရေး..... (ဒို့အရေး၊ ဒို့အရေး)

လစာ တိုးမြှင့်ရေး..... (ဒို့အရေး၊ ဒို့အရေး)

နောက်တဆက်တည်း သင်္ဘောကျင်းထဲမှာရှိတဲ့ ရေတပ်ကိုလဲ ထပ်ပြီးတော့ ပန်ကြားရတယ်။ ဒီအချိန်က ဒေါက်တင် ထားတဲ့ ရေတပ်သင်္ဘော ၅ စင်း ရှိတယ်။ "ရန်လုံးအောင်၊ ရန်မျိုးအောင်၊ သုတေသီ၊ နဂါးကျင်း၊ နဝရတ် သင်္ဘော ပေါ်က တပ်မှူး တပ်သား အပေါင်းတို့ ရဲဘော်တို့ကို ကျွန်တော်တို့ အိမ်ပြန်ခွင့် မပေးတော့ဘူး၊" လို့လဲ ကြေညာလိုက် တယ်။ (ကျွန်တော်က ကြားဖြတ်ပြီး ရဲဘော်တွေကို မေးလိုက်တယ်။)

မေး။ ။ ဒေါက်တင်နေတဲ့ အချိန် သင်္ဘောပေါ်မှာ စတင်းဘိုင် (stand by) လား?

ဖြေ။ ။ သူတို့ဘာသာ လုပ်နေကြတာပဲ၊ ရိုးရိုးနေကြတာပေါ့။ အိမ်မှာ နေသလို နေကြတာပဲ။

မေး။ ၊ သူတို့က သင်္ဘောကြီး ထားခဲ့ပြီး ကမ်းပေါ်တက်တာ ရှိသလား?

ဖြေ။ ။ မရှိဘူးလေ။

ဒီနေရာမှာ ပြောဖို့လိုတာက သင်္ဘော တစီးမှာ တပ်ခွဲ တခွဲ ရှိတယ်။ ၅စီး ဆို ၅ ခွဲ ရှိတယ်။ တစီး တစီးကို ဒုဗိုလ်မှူးကြီး (C.O) သို့မဟုတ် ဗိုလ်မှူးတယောက် အုပ်ချုပ်တယ်။ သုတေသီ သင်္ဘောက အဏ္ဏဝါ ဆိုက်စမစ် (Seismic) ဒီကောင်က တန်ဖိုး သိပ်ကြီးတယ်။ အဲဒီခေတ် ငွေဈေးနဲ့ကို သိန်း ၅ဝ ၆ဝ လောက် ပေးရတယ်။ ရန်မျိုးအောင်က စတီး သင်္ဘော၊ ဒုတိယ ကမ္ဘာ စစ်တုန်းက မဟာရေယာဉ် (ဒု ဗိုလ်မှူးကြီး အုပ်ချုပ်တယ်) ရန်မျိုးအောင်မှာ အမြောက်ပါတယ်။ သုတေသီ၊ မေယု တို့မှာလဲ အမြောက်ပါတယ်။ တခြား လက်နက်မျိုးစုံ တပ်ဆင်ထားရာမှာ ဘောက်ဖာ၊ ပွိုင့် ၅ စသည့် ရှိကြတယ်။ နေဝင်းစတင်းကို ရိုးရိုး တပ်သားတွေ ကိုင်ကြရတယ်။ သင်္ဘောတိုင်းမှာ ရိက္ခာတွေ ရှိကြတယ်။ ပဲအိတ်၊ ဆန်အိတ် အပြင် အခြေခံ ရိက္ခာ စုံစုံ လင်လင် တင်ထားရတယ်။ သူတို့ အတွက် ပြဿနာ မရှိ၊ ဒါနဲ့ "သင်္ဘောပေါ်မှာ ရှိတဲ့ တပ်မှူး တပ်သားအပေါင်းတို့၊ ရဲဘော်တို့ အိမ် မပြန်ကြပါနဲ့။ ဒီအထဲမှာပဲ နေကြပါ။ ကျွန်တော်တို့နဲ့ တိုက်ပွဲ အတူ ဝင်ကြပါ။ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို ရဲဘော်တို့ ထောက်ခံ ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်" အဲဒီတော့ ရေတပ်က ရဲဘော်တွေ ကျွန်တော်တို့နဲ့အတူ လာပြီး ဆန္ဒပြတယ်။

သင်္ဘောပေါ်ရှိတဲ့ သူတွေဟာ မြို့ထဲ သွားချင်ရင် ကျွန်တော်တို့ ဂိတ်တွေ ဖြတ်မှရတယ်။ ရေလမ်းပေါက်က ထွက်မယ် ဆိုရင် လဲ သင်္ဘောတွေကို ကျွန်တော်တို့က ကိုင်ထားလိုက်ပြီ။ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ရေတပ် အနေနဲ့ ပစ်မယ်ခတ်မယ်ဆိုရင် အချိန်မရွေး ပစ်နိုင်ပါတယ်။ မကြာလိုက်ပါဘူး၊ ရန်လုံးအောင် သင်္ဘောက ဗိုလ်မှူး စိုးလှိုင် ကျွန်တော့်ဆီ ရောက်လာတယ်။ ဝန်ကြီး ရုံးမှာဆွေးနွေးတယ်။ သူက

"ဆရာ ဝင်းထိန် ဘယ်လို လဲ?"...... တဲ့။

ကျွန်တော်က "ဗိုလ်မှူး စိုးလှိုင် ကျွန်တော်တို့ကို ကူညီပါ။ ရိက္ခာတွေ လိုချင်တယ်။ ရမလား?" ဆိုတော့

"ယူပါ၊ ရပါတယ်" တဲ့။ ဆက်ပြီး သူက

"ခင်ဗျားတို့ သပိတ် နိုင်ပါ့မလား?" ပေါ့

ကျွန်တော်က "နိုင်ပါတယ်၊ ကျွန်တော်တို့ကို ဗိုလ်မှူး ထောက်ခံစမ်းပါ။ ဗိုလ်မှူးတို့ လုံခြုံရေးကို အာမခံပါတယ်။" လို့ ပြော လိုက်တော့ နှုတ်ဆက်ပြီး ဗိုလ်မှူး စိုးလှိုင် ပြန်သွားတယ်။ ကျွန်တော်လဲ ပင်ပန်းလွန်းတာနဲ့ နားနေစဉ် အလုပ်သမား ရဲဘော် တယောက် လာသတင်းပို့တယ်။ "ဗိုလ်မှူးရဲညွန့် လာနှောက်ယှက်နေတယ်။ အလုပ်သမားတွေ သပိတ် မမှောက်ရဘူး...လို့ ပြောနေတယ်။"

ဗိုလ်မှူးရဲညွန့်ကို သွားအခေါ်ခိုင်းပေမယ့် လိုက်မလာပါ။ သူက ညွှန်ကြားရေးမှူး၊ သူ့ရုံးခန်းကို ကျွန်တော် လိုက်သွားပြီး "ဗိုလ် မှူး ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့စေချင်တယ်။" လို့ ပြောတော့ ပထမမှာ ငြင်းနေသေးတယ်။ ကျွန်တော်က "ခင်ဗျားရဲ့ လုံခြုံရေး အန္တရာယ် ရှိတယ်နော၊ လိုက်ခဲ့ပါ" ဆိုတော့မှ လိုက်လာပါတယ်။

"မောင်ရင် ကြည့်လဲ လုပ်ပေးပါ" လို့ လဲ ပြောတယ်။

"ဒါတွေ ထားလိုက်စမ်းပါ" ဆိုပြီး ခေါ်ထုတ်လာခဲ့တယ်။

ကျွန်တော်တို့ နှစ်ယောက် တွဲထွက်လာတာ မြင်တော့ အလုပ်သမားတွေက လက်ခုပ်တီး ကြိုကြပါတယ်။ "ဒို့အရေး... ဒို့အရေး၊

သပိတ်.... သပိတ်၊ မှောက်...... မှောက်။

ကုန်ဈေးနှုန်း ကျဆင်းရေး.... ဒို့အရေး" ကြွေးကြော်သံတွေ ထွက်ပေါ်လာပါတယ်။

သပိတ်မှောက် အလုပ်သမားတွေအတွက် ရိက္ခာကိစ္စက စဉ်းစားရပြီ၊ ဒါကြောင့် ကားတစီးကို အလံထိုးပြီး ရဲဘော် တချို့ အင်းစိန်ဘက်ထွက် အလှူခံကြတယ်။ ပြန်လာကြတော့ ရိက္ခာတွေက ကားနဲ့အပြည့်ပဲ၊ ထမင်းထုပ်တွေ၊ လက်ဖက်သုတ်ထုပ် တွေလဲ ပါလာတယ်။ ထမင်းထုပ်တွေထဲမှာ လက်ရေးလှလှနဲ့ "အလုပ်သမား သပိတ်ကို ထောက်ခံတယ်" ဆိုတဲ့ စာတွေ တွေ့ ပြီး အားတက်ကြတယ်။ တချို့ အထုပ်တွေထဲမှာ ပိုက်ဆံတွေ ပါတယ်။ ပစ္စည်းတွေကတော့ မျိုးစုံပဲ။ ရပ်ကွက်ထဲက အရပ်သူ အရပ်သားတွေကလဲ ထမင်းအိုးကြီးတွေနဲ့ ရောက်လာကြတယ်။ ဟင်းတွေကလဲ မျိုးစုံ။

ကျွန်တော်တို့ စက်ရုံမှာပဲ လက်ကမ်း စာစောင်တွေ ရိုက်တယ်။ တောင်းဆိုချက်တွေ ကြွေးကြော်သံတွေပါတယ်။ ကုန်ဈေနှုန်း ကျဆင်းရေး၊ ဆန်လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ လစာတိုးမြှင့်ရေး စသည်အပြင် ဆိုရှယ်လစ် ခေတ် ပြောင်းတော်လှန်ရေး အောင်ရမည် ဆိုတာလဲ ထည့်ရိုက်တယ်။ ကျွန်တော်တို့ အလုပ်သမားတွေက ဆိုရှယ်လစ်စနစ်ကို ဆန့် ကျင်တာမှ မဟုတ်ပဲ။ မဆလ လုပ်ချင်သလို လုပ်နေတာက တပိုင်းပဲ။ ဂက်စတင်နာ (Gestener) နဲ့ရိုက်ပီး ဝေငှကြတယ်။

နောက် မိန်းခလုတ်ရှိရာ တယ်လီဖုန်းရုံးမှာ ကျွန်တော် သွားထိုင်တယ်။ စက်ရုံအသီးသီးကို ဆက်သွယ်ကြည့်တယ်။ ကျွန် တော်တို့ စက်ရုံဘေးမှာတင်ရှိတဲ့ သုံးထပ်သား စက်ရုံမှာလဲ စတိုက်ပွဲဝင်နေပြီ။ သူတို့က ကိုယ်စားလှယ်လွှတ်လာတယ်။ ဘယ် လို လုပ်ရမလဲပေါ့။ ကျွန်တော်က "သပိတ်ကတော့ ဆက်မှောက်ရမယ်။ ကျွန်တော်တို့ကတော့ အညံ့ မခံဘူး။ တောင်းဆိုချက် တွေ ရတဲ့အထိ တိုက်သွားမယ်" ပြောတာကို လက်ခံသွားတယ်။ နောက် အမှတ် ၁ - ၂ သစ် စက်တွေက ကိုယ်စားလှယ်တွေ ရောက်လာတယ်။ ဆွေးနွေးကြတယ်။ ဘဝတူ အလုပ်သမား အချင်းချင်း သွေးစည်း ကြတယ်။

ကျွန်တော်တို့ကလဲ ဆက်သား၊ ကိုယ်စားလှယ် စသည် လွှတ် ဆွေးနွေးတာတွေ ရှိတယ်။ BPI ဘက် လွှတ်ဖို့ ပြင်နေစဉ် စက်ရုံ ပေါင်းစုံက အလုပ်သမားတွေ ရောက်လာပြန်တယ်။ သူတို့ခံစားချက်တွေ ရင်ဖွင့်ကြတယ်။ သမိုင်းချည်မျှင်၊ ဂုံနီစက်ရုံ၊ BPI က အလုပ်သမားတွေ ရောက်လာပြီး ဟောပြောကြ၊ ရင်ဖွင့်ကြတိုင်း "ဒို့အရေး…ဒို့အရေး" ထောက်ခံသံတွေနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း တီးကြတယ်။

ညနေပိုင်းလောက် ဗိုလ်မှူးစိုးလှိုင်နဲ့ ထပ်တွေ့တော့ "ဗိုလ်မှူး ခင်ဗျား ကျွန်တော်တို့ကို ကူညီပါဦး" ဆိုတော့

"ဘာများလဲ? ကူညီတာပေါ့" လို့ပြောတယ်။

အဲဒီအချိန်က ကျွန်တော်တို့ ဌာနမှာ ရေတပ်က လာတည်ပေးထားတဲ့ လျှပ်စစ်ဌာန ရှိတယ်။ တချို့ လျှပ်စစ်ပညာတွေက မြင့် တော့ ရေတပ်က သင်ထားတဲ့ လူတွေမှ လုပ်လို့ရတာ ရှိတယ်။ ရေတပ်က PO တွေအားလုံးကိုလဲ အရေးကြီး တဲ့ ဌာနတွေကို အလုပ်သမားတွေနဲ့ တွဲပြီး စောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားတယ်။

ညနေဘက်မှာ အလုပ်သမားရဲဘော်တချို့ကို အင်းစိန်ဘက် ထပ်လွှတ်တယ်။ ၆ နာရီလောက် ရှိမယ်ထင်တယ်။ သူတို့ ပြန် လာပြီး သမိုင်း ဘာတာရှေ့၊ သမိုင်းဈေးမှာ အလုပ်သမား အရပ်သားတွေ ပစ်သတ်ခံရတဲ့အကြောင်း ပြောပြကြတယ်။

ဒါနဲ့ ကျွန်တော်က "ရဲဘော် အလုပ်သမားအပေါင်းတို့ တို့ရဲ့တောင်းဆိုချက်တွေကတော့ တဖြည်းဖြည်းနဲ့ ခက်လာပြီ၊ ဒါပေမဲ့ တို့ဟာ ဒူးမထောက်ဘူး။ အညံ့မခံဘူး။ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ အခု သမိုင်း ဘာတာရှေ့မှာ တို့ အလုပ်သမား ရဲဘော်တွေ အသတ်ခံရတယ်။ ပစ်သတ်တာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံး တို့ဟာ ဒူးမထောက်ဘဲနဲ့ အသေခံ တိုက်ပွဲ ဝင်သွားမယ်။ တို့တောင်းဆိုချက်တွေ မရမချင်း တောင်းဆို တိုက်ပွဲဝင်သွားမယ်။ တို့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်မယ်။ ရဲဘော် တို့ကို ကျွန်တော် ကတိပေးတယ်။ ကျွန်တော် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ ရဲဘော်တို့နဲ့အတူ ကျွန်တော်ရှိမယ်" လို့ မိန့်ခွန်းတို ပေးခဲ့တယ်။

နောက်တော့ တယ်လီဖုန်းနဲ့ ဂုံနီစက်ရုံကို လှမ်းဆက်တယ်။ ကောင်စီအတွင်းရေးမှူးက ဖုန်းလက်ခံတယ်။ ကျွန်တော် က သမိုင်းချည်မျှင်စက်ရုံရှေ့မှာ အလုပ်သမားတွေ ပစ်သတ်ခံရတဲ့အကြောင်း သတင်းပေးပြီး "ကျွန်တော်တို့ကတော့ မလျှော့ ဘူး၊ ဒူးမထောက်ဘူး။ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမယ်၊ မရမချင်း တိုက်ပွဲဝင်သွားမယ်။ လိုအပ်တာရှိရင် အကြောင်း ကြားမယ်၊ ခင်ဗျားတို့ဘက်ကလဲ အကြောင်းကြားပါ" လို့ ပြောတယ်။ သူတို့စက်ရုံကလဲ ဒီသဘောအတိုင်းရှိကြောင်း ပြန် ပြောတယ်။ အဲဒီအချိန် ဂုံနီစက်ရုံမှာ ဗဟိုကော်မတီ အသစ်ရွေးချယ်ပွဲ စနေပြီ။ အဲဒီ ညနေမှာ မိုးတွေ ရွာချလာတယ်။

အခြေအနေကအရေးကြီးလာချိန်မို့ ဝန်ကြီးရုံးမှာ အိပ်စောင့်နေကြတဲ့ အမျိုးသမီးတွေကို ကျွန်တော်ကပြောတယ်။ "ခင်ဗျားတို့ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ ဒီတိုင်းနေလို့ မဖြစ်ဘူး၊ လုပ်စရာတွေ ရှိတာတွေ လုပ်ကြရမယ်။ အခြေအနေ သိပ် မကောင်းဘူး" ဆိုတော့ ကျွန်တော့်နောက် လိုက်လာကြတယ်။ ဆက်သွယ်ရေးတွေနဲ့ ပတ်သက်ပြီး ရေတပ်က အရာရှိတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေ တွဲကိုင်ထားကြတယ်။ လုံခြုံရေးလဲ အလားတူပဲ။ တယ်လီဖုန်းရုံးကို ကျွန်တော်တို့ သွားကြတယ်။ ကက် ဆက် နဲ့ ကျွန်တော့်အသံကို သွင်းလိုက်ပြီး စပီကာနဲ့ "ပြည်သူကိုပန်ကြားချက်" ထုတ်လွှင့်လိုက်တယ်။ စက်ကြီးက သိပ် ကောင်းတော့ စက်ရုံတွေအားလုံးဆီတပြိုင်တည်း ရောက်ရှိသွားပါတော့တယ်။

"မိဘ ပြည်သူအပေါင်းတို့ခင်ဗျား အစိုးရဟာ သမိုင်းဘာတာရှေ့မှာ ရိုးသားစွာ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ပစ်သတ်ခဲ့ ပါတယ်၊ အဲဒီတော့ မိဘ ပြည်သူအပေါင်းတို့ ကျွန်တော်တို့နဲ့ လက်တွဲပါ။ စစ်အစိုးရက အခု အပြစ်မဲ့တဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ပစ်သတ်နေပါပြီ။ ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပါ" လို့ ပန်ကြားပါတယ်။ ဒီ အသံကို အသံချဲ့ စက်ကနေ အမြဲဖွင့်ပေးထားလိုက်ပါတယ်။ ဒီအချိန်မှာ အစိုးရအလိုတော်ရိတယောက်က သပိတ်ကော်မတီ ပြင်ဖွဲ့ရမယ်။ သူ လဲ ပါမယ်ဆိုပြီး ရုတ်ရုတ် ရုတ်ရုတ် လုပ်လာတယ်၊ အတွင်းပိုင်းကနေ သပိတ် ဖြိုခွဲဖို့ လုပ်လာတာမို့ ဖမ်းထိန်းသိမ်းလိုက်ရ တာရှိတယ်။

မိုးက ချုပ်သည်ထက် ချုပ်လာပြီ။ ဒီအချိန် ဗိုလ်မှူးရဲညွန့်က ကျွန်တော့်ကို လှမ်းခေါ်ပြန်ရော၊ "ဘာလုပ်ချင်လို့လဲ" ဆိုတော့ "မောင်ရင်တို့ကို စစ်တပ်က ပစ်တော့မယ်၊ ကိုယ်လဲ အရာရှိပဲမောင်ရင်၊ စေ့စပ်လိုက်စမ်းပါ။" လို့ ပြောတယ်။ "တော်စမ်းပါ၊ လုပ်မနေစမ်းပါနဲ့၊ ထားလိုက်စမ်းပါ၊" လို့ ကျွန်တော်က ဟန့်လိုက်တော့ ဦးချစ်ဦးတို့ ဦးမျိုးထွဋ်တို့က ကျွန်တော့်ကို ကြည့် တယ်။ သူတို့ကိုတော့ စာနာပါတယ်ဆိုတဲ့ အမူအယာလောက်ပဲ ပြလိုက်မိတယ်၊ သူတို့ကိုလဲ အချုပ်ထဲ ထည့်ထားရတယ် လေ။

ဒီလိုနဲ့ အချိန်တွေ ကုန်လိုက်လာတယ်။ ထမင်းလဲ မစားရ၊ ရေလဲ မသောက်မိတာ ဘယ်လောက်ကြာ သွားပြီလဲ မသိ။ ဝန်ထမ်း အမျိုးသမီး တယောက်ပေးတဲ့ Lunch Box နဲ့ကိစ္စပြီးလိုက်ပြီး တယ်လီဖုန်း ရုံးခန်းထဲ ရောက်နေချိန် ဦးမြဟန်ကြီး ရောက်လာတယ်။ မူလက PO ပင်စင်ယူပြီးတဲ့နောက် ကျွန်တော်တို့ဆီ ဖစ်တာ အဖြစ်နဲ့ ဝင်လုပ်နေသူပဲ။ သူက "ကိုဝင်းထိန် ကမ်းနားမှာ ကွန်မင်ဒိုသင်္ဘော ကပ်နေပြီ။ သူတို့ပစ်လိမ့်မယ်။" လို့ ပြောတော့ "ဦးမြဟန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မဆွေးနွေးချင်ဘူး၊ ထားလိုက်ပါ" လို့ တားလိုက်တယ်။

သူထွက်သွားပြီး မကြာခင် ကိုကျော်ကြီးခင်နဲ့ ရောက်လာပြန်တယ်။ "ရေလယ်မှာ ဗိုလ်မှူးသိန်းထွန်း စောင့်နေတယ်၊ ခင်ဗျား နဲ့ စကားပြောချင်လို့တဲ့၊" ဒီတော့ ကျွန်တော် တွက်လိုက်မိပြီ "ငါ့တော့ ဆွဲတော့မယ်" သူတို့ခေါ်တဲ့နေရာ လိုက်သွားပြီဆိုတာနဲ့ ဖမ်းပြီလေ၊ ဒီလိုဆိုရင် အလုပ်သမားတွေကို ညွှန်ကြားလို့ မရတော့ဘူး၊ လှုပ်ရှားမှု ပြိုကွဲသွားတော့မယ်၊ မဖြစ်ဘူး။ "ကျွန် တော် မလာနိုင်ဘူး၊ တွေ့ချင်ရင် ဗိုလ်မှူးသိန်းထွန်း ကျွန်တော့်ဆီ လာပါစေ" လို့ ပြောလိုက်တယ်။ ဦးမြဟန် ပြန်ထွက်သွား တယ်။ ခဏနေတော့ တခေါက်ပြန်လာကြတယ်။ ကျော်ကြီးခင်က "ကိုဝင်းထိန် သူတို့ တကယ်ပစ်တော့မယ်" တဲ့။ "ပစ်ရင်လဲ ပစ်ပစေကွာ" လို့ တုံ့ပြန်လိုက်တယ်။

စဉ်းစားရတာတွေကတော့ အများကြီး ရေတံခါးကြီး ပျက်စီးသွားရင်၊ ပေါက်ကွဲသွားလို့ရှိရင်၊ အားလုံးအထိနာမယ်။ စက်ရုံတွေ ပျက်စီးမယ်။ စက်ရုံထဲ ဝင်ပစ်ရင်လဲ သေကြ ကြေကြ အထိနာကြမယ်။ စက်ရုံရဲ့လုံခြုံရေး အလုပ်သမားတွေရဲ့လုံခြုံရေး စဉ်းစားလာရတယ်။ နောက်ထပ် ဆုံးရှုံးမှုကြီးတခု ရှိသေးတယ်။ ခုလို တောင်းဆိုလာကြပြီးမှ တောင်းဆိုချက် ဘာမှမရဘဲနဲ့ ကျွန်တော်တို့သပိတ်ကြီး ပျက်စီးသွားမှာ ပြီးဆုံးသွားမှာပဲ။ ဒါကြောင့် ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ မိုက်ကရို ဖုန်း ကောက်ကိုင်လိုက်ပြီး "ရဲဘော် အလုပ်သမားအပေါင်းတို့ စက်ရုံရဲ့လုံခြုံရေးကို တို့ အားလုံး တာဝန်ယူရမယ်။ နောက် ရေတံခါး၊ သင်္ဘောတွေရဲ့လုံခြုံမှုနဲ့ စက်ရုံတွေအားလုံးရဲ့လုံခြုံမှု၊ တို့အားလုံးရဲလုံခြုံမှုကို တို့တာဝန်ယူရမယ်။ ဒီစက်ရုံဟာတို့ရဲ့ စက်ရုံဖြစ်တယ်။ တို့ဟာ တို့တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တိုက်ပွဲ ဝင်သွားမယ်။ တို့ အညံ့မခံဘူး၊ ဒူးမထောက် ဘူး၊ ရတဲ့အထိတိုက်ပွဲဝင်သွားမယ်။

အခု သပိတ်မှောက်မှုဟာ ဗမာတပြည်လုံး ဖြစ်နေပြီ။ တို့ယုံကြည်စိတ်ချရတဲ့ ရန်ကုန်ဆိပ်ကမ်း ဆိုလို့ ရှိရင်လဲ အခု သပိတ် မှောက်နေပြီ၊ ရန်ကုန်ဆိပ်ကမ်းဆိုတာက ဒုဗိုလ်မှူးကြီး လှမြင့် - ဘဲကြီးလှမြင့် (ဘဲလ်အဲယား လှမြင့်) ဆိုတာဟာ တက္က သိုလ်ကျောင်းသားတွေ ပါးရိုက်တဲ့ ဘဲ။ ဒီကောင် သူရဲ-သူရဲ၊ အဲဒီမှာ သူက နာယက ဖြစ်နေတာ ခု သူ့ဆိပ်ကမ်းမှာ အလုပ် သမားတွေ သပိတ်မှောက်နေပြီ။ ပြီးတော့ တို့ရဲ့ သပိတ်ဟာ တပြည်လုံးလက္ခဏာ ဆောင်တယ်။ တို့ တောင်းဆိုချက်တွေ ရ, ရမယ်။ တို့ တတွေ ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ရအောင် တိုက်မယ်။ တို့ အညံ့မခံဘူး။ လျှော့လို့ မရဘူး" လို့ ပြောချ လိုက်တယ်။ ဒါကိုကြားပြီး ချက်ချင်းပဲ သုံးထပ်သားစက်ရုံကလဲ ကျွန်တော်တို့နဲ့ တသဘောထဲ ရှိကြောင်း။ "လုံးဝ အညံ့ မခံဘူး၊ ဆက်လက် တိုက်ပွဲဝင်သွားမယ်၊ တောင်းဆိုချက်တွေ ရအောင်တိုက်မယ်" ဆိုတဲ့အကြောင်း အကြောင်းကြားလာ တယ်။

စစ်တပ်က နေဝင်ရင် ပစ်မယ်လို့ သတင်းတွေ ထွက်နေတာရှိတယ်။ ဒါကြောင့် သစ်စက်က လာပြောတယ်။ "ကျွန်တော်တို့ သစ်တုံးတွေနဲ့ ကာထားတယ်။ စက်ရုံထဲ ဝင်ပစ်လို့မရအောင် ဖြစ်တယ်" တဲ့။ ကွန်မင်ဒိုတွေ ဝင်ပစ်မှာကို တားဆီးတဲ့သဘော ပဲ။ ကျွန်တော်တို့ရဲ့ အနောက်ဘက်မှာ အက်ဆစ် စက်ရုံရှိတယ်။ ကော့စတစ် စက်ရုံ အဲဒီကလဲ အတူတူပဲ။ ကျွန်တော်တို့နဲ့ အတူတိုက်ပွဲ ဝင်မယ်တဲ့။ ဂုံနီစက်ရုံ၊ သမိုင်း ချည်မျှင်စက်ရုံ တို့ကိုလဲ "စစ်တပ်က ဝင်ပစ်မယ့် အခြေအနေရှိတယ်၊ ဘာပဲ ဖြစ်ဖြစ် တို့ရအောင် တိုက်ပွဲ ဝင်သွားမယ်။ မစေ့စပ်တော့ဘူး၊ သပိတ်ကတော့ တပြည်လုံး ဖြစ်နေပြီ။ ရန်ကုန်ဆိပ်ကမ်း သပိတ်ကြောင့် ကမ်းနားမှာ ကုန်တင်ကုန်ချလုပ်ငန်းတွေ ရပ်တော့မယ်။ ရပ်တာနဲ့ အစိုးရအခက်အခဲရှိပြီး တပြည်လုံး အလုပ် သမားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုချက်တွေ ရအောင် တိုက်ပွဲ ဝင်သွားမယ်" လို့ ဖုန်းနဲ့ အကြောင်း ကြားလိုက်တယ်။

နောက်တော့ အခန်းသော့ဖွင့်ပြီး ဗိုလ်မှူးရဲညွန့်ကို ခေါ်ထုတ်လာခဲ့တယ်။ ချက်ချင်းလိုပဲ ကျွန်တော်တို့ရဲ့ မိန်းဂိတ်ရှေ့မှာ စစ် ကားတွေရောက် လာတယ်။ ကွမ်းခြံဘက်က လာတာဖြစ်တယ်။ ရေတပ်က မဟုတ်ဘူး၊ လှည်းတန်းဘက်က ကျွန်တော်တို့ ခေါင်းဆောင်မှုအဖွဲ့ သပိတ်ကော်မတီဝင်တွေက အလုပ်သမားထု ကြားထဲမှာ ရှိနေတယ်။ တချို့ ရဲဘော်တွေက ကျွန်တော့်ကို ဒီနေရာက စွန့်ခွာဖို့ ပြောနေပြီ။ ကျွန်တော့်လက်ထဲမှာ စက်ရုံသော့ အားလုံးရှိတယ်။ မာဇဒါဂျစ်ကားကို လိုရမယ်ရ အပြင် တနေရာမှာ ထားတာရှိတယ်။ ထွက်သွားရမလားလို့ အတွေးတချက် ပေါ်တယ်။ ဒါပေမဲ့ ကျွန်တော် အလုပ်သမားရဲဘော် တွေကို သစ္စာမဖောက်နိုင်ဘူး။ ပေါက်ကွဲလု မတတ်ဖြစ်နေတဲ့ အခြေအနေကြီးကို စွန့်မသွားနိုင်ဘူး။ အဲဒီတော့ သေစရာရှိလို့ ရှိရင် ရှေ့ကသေမယ်။ ခေါင်းဆောင်ဆိုတာ ဘယ်တော့မှ နောက်ကနေ မသေရဘူး။ ဘယ်တော့မှ နောက်မဆုတ်ရဘူး။ ငါ သေပြီးနောက်မှ နောက်လူတွေ သေရမယ်။ ဒီလို စဉ်းစားပြီး 'လူထု' ကြားထဲက တပ်ဦးကို ကျွန်တော် တိုးထွက်လာတယ်။ ဗိုလ်မှူးရဲညွန့်ကိုတော့ ကိုင်ထားတယ်။

ဒီလိုနဲ့ မိန်းဂိတ် သံတံခါးကို ရောက်သွားပြီ၊ တဖက်က မြင်နိုင်တဲ့နေရာ ပစ်မယ်ဆို လှမ်းပစ်လို့ရတဲ့နေရာ၊ ပထမဆုံး ထိမှာက ကျွန်တော်နဲ့ ဗိုလ်မှူးရဲညွန့်ပဲ။ အဲဒီ အချိန်မှာပဲ ရဲဘော်ဘီကျော်စိန်က တွန်းထိုး ထွက်လာတယ်။ နောက် အုတ်ခုံပေါ် တက် လိုက်တယ်။ သင်္ဘောကျင်း တခုလုံး မီးတွေလင်းနေတယ်။ ဆလိုက်မီးတွေကလဲ ထွန်းထားသေးတယ်။ BAA ဂရောင်းက ဆလိုက်ကြီးတွေလေ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ရဲဘော် ဘီကျော်စိန်က စစ်တပ်ကို "မင်းတို့ပြန်သွားပါ၊ အလုပ်သမားတွေကို အန္တရာယ်မပေးနဲ့၊ တို့ အလုပ်သမားတွေ တောင်းဆိုနေတာက ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန် လုံ လောက်စွာ ရရှိရေးပဲ၊ အလုပ်သမားတွေနဲ့ အစိုးရဟာ ရန်သူမဟုတ်ဘူး၊ နောက်ကို ပြန်ဆုတ်ကြပါ။ အလုပ်သမားတွေ ဘက်ကို လှည့်ထားတဲ့ သေနတ်ပြောင်းတွေ တဖက်ကို လှည့်လိုက်ပါ။" လို့ ပြောတယ်။ စစ်တပ်ဘက်က လှုပ်ရှားမှု မပြတာနဲ့ ပြန်ဆင်းသွားတယ်။

ဒီတော့မှ ဆိုင်ထားတဲ့ဘက်က ဗိုလ်မှူးတယောက် စပီကာနဲ့ စကားပြောတယ်။ "အလုပ်သမားတွေ၊ ခင်ဗျားတို့ တောင်းဆို ချက်တွေကို ကောင်စီအဆင့်ဆင့်ကနေတောင်းပါ၊ ခု ဆန္ဒပြမှုကို ရပ်လိုက်ကြပါ။ ဗိုလ်မှူးရဲညွန့်ကို ကျွန်တော်တို့လက်ထဲ ပြန်အပ်ပါ။ သပိတ်ကို လူစု မခွဲဘူး၊ ဗိုလ်မှူး ရဲညွန့်ကို ပြန်မအပ်ဘူးတိုရင် ရတဲ့နည်းနဲ့ ယူရပါလိမ့်မယ်။" တဲ့။ ပြောပြီးတာနဲ့ စစ်တပ်က ကျွန်တော်တို့ကို သေနတ်နဲ့ ချိန်ထားလိုက်ကြတယ်။ ဒီအချိန်မှာ ကျွန်တော်က ဗိုလ်မှူးရဲညွန့်လက်ကို လိမ်လိုက် ပြီး "ခင်ဗျားတို့ တွေ့ချင်တဲ့ ဗိုလ်မှူးရဲညွန့်ဆိုတာ ဟောဒီမှာပဲ။ အဲဒီတော့ သူ့ကိုလိုချင်ရင် ကျွန်တော်တို့ တောင်းဆိုချက်တွေ ကို လိုက်လျောပါ။ ချက်ချင်း ပြန်လွှတ်ပေးမယ်။ ကျွန်တော်တို့ တောင်းဆိုနေတာမှာ အလုပ်သမားတွေနဲ့ လုပ်သားပြည်သူ တရပ်လုံးအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန်လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင်ကိစ္စ၊ နေအိမ်ရရှိရေးတို့ ဖြစ်တယ်။ အလုပ်သမား အခွင့်အရေးကို တောင်းနေတာသာ ဖြစ်တယ်။ ခင်ဗျားတို့ဆီက အာဏာကို လုနေတာမဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ကို တိုက်မယ့် သေနတ်ပြောင်းတွေကို တနေရာကို လှည့်လိုက်ပါ။

စစ်တပ်ဘက်က အရာရှိကြီးအပေါင်းတို့ ကျွန်တော်တို့ကို မတိုက်ပါနဲ့။ ခင်ဗျားတို့ တိုက်ရမှာက တနေရာ ဖြစ်တယ်။ ကျွန် တော်တို့ဟာ လုပ်သားပြည်သူတရပ်လုံးအတွက် တောင်းဆိုနေတာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်ကို တည် ဆောက်နေတာ ဖြစ်တယ်။ အလုပ်သမားလူတန်းစားဟာ ဆိုရှယ်လစ်စနစ်ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး။ ဆိုရှယ်လစ် စနစ်အတွက် အလုပ်သမားလူတန်းစားက အခု တိုက်ပွဲဝင်နေတာဖြစ်တယ်။ "(ဒီအချိန် နောက်ကနေ ထပ်ရိုက်လာတဲ့ ပန်း ဖလက်တွေ လာပို့လို့ ဖတ်ကြည့်လိုက်တော့

'ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး အောင်ပွဲခံရမယ်။'

'ဗိုလ်ချုပ်ကြီး တင်ဦး သက်တော် ရာကျော် ရှည်ပါစေ' ဆိုတာတွေ ပါတယ်။ ထိပ် မြွေကိုက်ခံနေရ ချိန်မှာမှ ရောက်လာတာ ဖြစ်လို့ ဒီအတိုင်းထားလိုက်ပြီး)

"အဲဒီတော့ စစ်တပ်က တပ်မှူး တပ်သားအပေါင်းတို့ ခင်ဗျားတို့ တပ်ကို ပြန်သွားကြပါ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ် စနစ်ကို တည်ဆောက်နေတဲ့အတွက် ဆိုရှယ်လစ်စနစ်ရဲ့ ရန်သူမဟုတ်ဘူး။ နောက်ပြန်ဆုတ်ကြပါ။ "၆ ရက်ည တညလုံး အပြန်အလှန်ပြောလာလိုက်ကြတာ ၇ ရက် နံနက် ၄ နာရီထိုးတော့ မီးကျည်တလုံး ကောင်းကင်ကို ဖွေးကနဲ ထိုးတက်လာ တယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တခု ရှိတယ်။ တညလုံး အချိန်ဆွဲထားပြီး မိုးလင်းတာနဲ့ ရန်ကုန်တမြို့လုံးမှာရှိတဲ့ စက်ရုံ တွေ ထပ်ပြီးဆွေးနွေးဖို့လိုတယ်။ ဒါကြောင့် ကျွန်တော်က

"ဗိုလ်မှူးရဲညွန့်ကို ခင်ဗျားတို့ဆီ ကျွန်တော်ပြန်အပ်မယ်။ ခင်ဗျားတို့က သေနတ်ပြောင်းတွေ တနေရာ လှည့်လိုက်ပါ" လို့ လှမ်းပြောလိုက်တယ်။

ဗိုလ်မှူးရဲညွန့်က "ဖိုးဝင်းထိန် စစ်တပ်ကတော့ တကယ် ပစ်တော့မယ်။ ကိုယ့်ကို မောင်ရင်တို့အလျှော့ ပေးလိုက်ပါ။" လို့ ခပ် အုပ်အုပ်ပြောတယ်။

"ဗိုလ်မှူးရဲညွန့် ခင်ဗျားလဲ ကျည်ဆံတတောင့် ကျွန်တော်လဲ ကျည်ဆံတတောင့်ပဲ၊ သေရင်တော့ အတူသေကြမှာပဲ။ အဲဒါ ကြောင့် ခင်ဗျားအနေနဲ့ လုပ်သားပြည်သူတွေအပေါ်မှာ တကယ်သံယောဇဉ် ရှိရင်၊ တကယ်သစ္စာရှိရင် စစ်တပ်ကို 'မပစ်ပါနဲ့' လို့ မိုက်ကရိုဖုန်းနဲ့ ပြောပေးပါ" ဆိုပြီး မိုက်ကရိုဖုန်း ထိုးပေးလိုက်တယ်။ သူက "ဖိုးဝင်းထိန် ကိုယ်ဟာ စစ်တပ်က တပ်မတော် အရာရှိဖြစ်တယ်။ တပ်မတော်ကို သစ္စာဖောက်လို့ မဖြစ်ဘူး။ ဒါကြောင့် ကိုယ်မပြောဘူး"...တဲ့။

ဒီတော့ ကျွန်တော်က

"ဗိုလ်မှူး ခင်ဗျားကလဲ တပ်မတော်ကို သစ္စာရှိတယ်။ ကျွန်တော်ကလဲ အလုပ်သမားတွေအပေါ်မှာ သစ္စာရှိတယ်။ ပြည်သူ ပေါ်မှာ သစ္စာရှိတယ်။ အဲဒီတော့ နှစ်ယောက်သေ သေကြတာပေါ့ တယောက် ကျည်ဆံ တတောင့်စီနဲ့" လို့ ပြောရင်းနဲ့ ပြန် ဆုတ်ခဲ့တယ်။

ဒီအချိန် ဦးမြဟန်နဲ့ ကိုကျော်ကြီးခင် လာပြောပြန်တယ်။

"စစ်တပ်က တက်လာပြီ၊ ကမ်းခြေကနေ တက် လာတာဖြစ်တယ်။" တဲ့။

တချို့ရဲဘော်တွေကလဲ ဘာလုပ်ရမလဲ လာမေးကြတယ်။

"ဘာမှမလုပ်နဲ့၊ ဒီအတိုင်း တောင်းဆိုကြမယ်။ ဘာမှ မလုပ်နဲ့၊ ဘာကိုမှ မလုပ်နဲ့" လို့ အမိန့်ပေး လိုက်တယ်။

ဒီအချိန် ဖြတ်ကနဲ သတိရလိုက်တာရှိတယ်။ ဘယ်လိုတုံ့ပြန်မလဲ?။

ကျွန်တော့် လက်ထဲမှာ သင်္ဘောကျင်းတခုလုံးရဲ့ သော့တွေ ရှိတယ်။ ပါဝါစတေရှင်ကို ဖောက်ခွဲလို့ရတယ်။ သင်္ဘောကျင်း ရေလုံကျင်းက ရေတွေ ဖောက်ထုတ်လိုက်လို့ရှိရင် သင်္ဘောတွေ ပျက်သွားနိုင်တယ်။ ဂျွမ်းထိုးမှောက်ခုန် ဖြစ်သွားမယ်၊ ဒီမှာ ရေတပ် စစ်သင်္ဘောတွေကလဲ ရှိနေတယ်။ သင်္ဘောကျင်း ပြာကျသွားအောင်လဲ လုပ်နိုင်တယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ပြည်သူ တွေလဲ ပြာကျတဲ့အထဲ ပါသွားနိုင်တယ်။ ဒီအချိန် ကွမ်းခြံ ရပ်ကွက်တခုလုံး စစ်တပ်က ဝိုင်း ထားပြီးပြီ။ အခြေအနေတွေက အဲဒီလိုရှိတယ်။

ကိုကျော်ကြီးခင်က "နောက်မှာ ကွန်မင်ဒိုတပ်တွေ ရောက်လာပြီ" လို့ သတိပေးတယ်။

"ကဲ ဗိုလ်မှူး ကြားတဲ့အတိုင်းပဲ၊ ကျုပ်တို့ကတော့ အသေခံပြီး တိုက်ရတော့မယ်။ ဒီတော့..... "

ဗိုလ်မှူးရဲညွန့် လက်ကို လိမ်လိုက်ပြီး သူနဲ့အတူ ပြန်သွားခဲ့တယ်။ ကွန်မင်ဒိုတပ် လာမယ့်နေရာကို ဦးတည်လိုက်တယ်။ ရှေ့ရောက်သွားတာနဲ့ စပစ်ပြီ။ "ဗိုလ်မှူး ရဲညွန့်ကို ပေး ပေး" လို့လဲ ပါးစပ်က အော်တောင်းတယ်။

"ဟေ့ အလုပ်သမားတွေ မင်းတို့ ဆန်မရဘူး၊ ဟောဒါပဲ ရမယ်ကွ" လို့လဲ ကြုံးဝါးတယ်။ ပြောပြော ပစ်ပစ် လုပ်ကြ တယ်။ ဘက်နက် (လှံစွပ်) တွေနဲ့ တက်ထိုးတယ်။ ရဲဘော်တွေဟာ အထွေးလိုက် လဲကျကုန်တယ်။ တချို့ ရေကန်ထဲ ကျတယ်။

ဒီအချိန် ဗိုလ်မှူးရဲညွန့်က

"ရဲညွန့်ဆိုတာ ကျွန်တော်ပါပဲ" အော်ပြီး ရုန်းတယ်။

ကျွန်တော်ကလဲ လွှတ်ပေးလိုက်ပါတယ်။ လက်ထဲက ပါသွားတဲ့အခါ

"ဟေ့ ရဲညွန့် ရပြီဟေ့" ပေါ့နော်။

မိုးက လင်းနေပါပြီ။ လမ်းပေါ်က သွေးတွေကတော့ စွေးစွေးနီနေပါတယ်။ သွေးခဲတွေ သွေးစီးကြောင်းတွေ....။ ရဲဘော်တချို့ G3 ကျည်ဆံ ဖောက်ထွက်သွားလို့ ခြေထောက်မှာ အပေါက်တွေနဲ့။ ရဲဘော် သန်းအောင် ဆိုရင် ပါးစပ်ကြီး ပြတ်ထွက်သွားပြီး လျှာဟာ ကတ်ကြေးနဲ့ ညှပ်ထားသလိုပဲ။ သယ်နိုင်သလောက် ရဲဘော်တွေကို ပွေ့ပွေ့ပြီးတော့ ဆေးခန်းထဲ သွင်းရတယ်။ ဒေါက်တာ စီစီကလဲ မျက်ရည်တွေနဲ့ ငိုနေရှာတယ်။ ဒေါက်တာ စီစီနဲ့ တင်တင်မူတို့ တော်ရှာပါတယ်။ လူနာ ရဲဘော်တွေကို ဆေးထိုးပေး၊ ပတ္တီးစည်းပေးပါတယ်။ ဒဏ်ရာရ ရဲဘော်တွေဆိုတာ အများကြီး ကုတင်ပေါ်မှာ မဆန့်လို့ ကြမ်းခင်းပေါ်မှာ ချ ထားရတယ်။

ရဲဘော် တင်မောင်- သူ စကားမပြောနိုင်တော့ဘူး၊ သူက မီးသတ်စက်ကို နှိုးနေတုန်း နောက်ကနေ G3 နဲ့ပစ်လို့ စအိုထဲ ကျည်ဆံဝင်သွားတယ်။ သူ့နားသွားတော့ - မရတော့ဘူးပေါ့နော်၊ လက်ခါပြတယ်။ အလားတူ ရဲဘော် သန်းအောင်ကလဲ ခေါင်း, ခါ ပြရှာတယ်။ ရဲဘော်ဘဖူး ကတော့ နားထင်ကို လှံစွပ်နဲ့အထိုးခံထားရလို့ ပါးစပ်က သွေးတွေ ဗွက်ခနဲ ဗွက်ခနဲ အန် ကျနေပါတယ်။ ဒီလိုလျှောက်ကြည့် အားပေးနေစဉ် ရဲဘော်တွေက ကျွန်တော့်ကို ပြေးခိုင်းနေကြတယ်။ ကျွန်တော်က

"ရဲဘော်တို့ ကျွန်တော် ရဲဘော်တို့နဲ့ အတူ အသေခံမယ်။ ပြဿနာတွေ ကျွန်တော် ရှင်းမယ်။ ဘယ်တော့မှ ရဲဘော်တို့ကို မစွန့်ခွာဘူး၊ အဲဒီတော့ ရဲဘော်တို့နဲ့ အတူ ကျွန်တော်ရှိမယ်။ ကြိုးစင်ကို ကျွန်တော်တက်သွားမယ်။ ရဲဘော်တို့အပေါ်မှာ ထာဝစဉ် သစ္စာရှိမယ်။ ရဲဘော်တို့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" လို့ ပြောနေချိန်မှာပဲ စစ်တပ်က ကက်ပတိန်တယောက် အခန်းထဲ ရောက်လာပြီး "ဟေ့ ဝင်းထိန်" ဆိုပြီးတော့ G3 နဲ့ လှမ်းထောက် ထားတယ်။ နောက်တော့ ကျွန်တော့်ကို လက် မြှောက်ခိုင်းပြီး အပြင်ကို ခေါ်ထုတ်သွားတယ်။ သပိတ် လမ်းမကြီးမှာ သွေးတွေ သွေးခဲတွေ အများကြီးပါပဲ။ အဲဒီလမ်းပေါ်မှာ ကွန်မင်ဒို ဗိုလ်ကြီး ဖြစ်သူက ကျွန်တော့်ကို ဆောင့်ကြောင့် ထိုင်ခိုင်းတယ်။

"မင်း ငါ့ကို ပစ်ချင်ပစ်လေ၊ ငါကတော့ ထိုင်စရာ မလိုဘူး၊ ငါ တရားခံ မဟုတ်ဘူး၊ မင်းတို့ တရားခံပဲ၊ ပစ်လိုက်စမ်းပါ။" ပြောမှ ဒီကောင်က ကျွန်တော့်ကို ဦးချစ်ဦးတို့ ဦးအုန်းမောင်တို့ ဦးထွန်းရီတို့ကို ကျွန်တော် ချုပ်ထားတဲ့ အခန်းထဲ ပြန်ထည့်တယ်။ ဦးချစ်ဦးက ကျွန်တော့်ဆီက သော့တွေ တောင်းတယ်။ သူက "ရဲဘော်တွေတော့ အတော်များများ ကျကုန်ပြီ ကိုဝင်းထိန်" လို့လဲ ပြောတယ်။ သူ့ကို သော့ အားလုံးပေးလိုက်ပါတယ်။

မိုးအတော်လင်းနေပြီ၊ ကွန်မင်ဒို တပ်သားတွေ လက်နက်မျိုးစုံ အီကွစ်မင့်မျိုးစုံနဲ့ ကမ်းနားပေါ်က တက်လာပြီး သင်္ဘောကျင်း လမ်းကြီးကို ဖွင့်ချပစ်လိုက်တယ်။ နောက် မိန်းဂိတ်ကြီးကို ဖွင့်ပြန်တယ်။ ဒီအချိန် တိုင်းမှူးလို့ ယူဆရသူ တယောက် မာစီဒီး ကားကြီးနဲ့ သင်္ဘောကျင်းထဲ ဝင်ရောက်လာတယ်။ အလုပ်သမားတွေရဲ့ သွေးတွေပေါ် နင်းပြီး စစ်သားတွေက သွားလာနေ ကြတယ်။

၇ နာရီလောက်မှာ အလုပ်သမားတိုက်ပွဲကြီး ပြီးဆုံးသွားပြီပေါ့၊ ကျွန်တော့်ကိုတော့ ဘားလမ်းကို ခေါ်သွားပါတယ်။ အဲဒီကမှ အင်းစိန်ထောင်။

(အလုပ်သမားတွေ၊ ပြည်သူတွေ အသက်ပေး သွေးမြေကျခဲ့ရတဲ့ ၃၅ နှစ်မြောက် မေ-ဂျွန် အလုပ်သမားအရေးခင်းကို အမှတ်ရလို့ အင်တာနက်မှာတွေ့လို့ ကူးယူသိမ်းထားတဲ့ ဒီဆောင်းပါးကို ဖော်ပြလိုက်ပါတယ်။ ခွင့်ပြုချက် မတောင်းနိုင်တာ ကို ခွင့်လွှတ်နားလည်ပေးပါရန်။)

(မာယာမှ တဆင့် ကူးယူဖေါ်ပြလိုက်ပါတယ် ….)

ရဲဘော်ဝင်းထိန်

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း
Sunday, May 31, 2009
( ဝင်းတင့်ထွန်း )
ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ် သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ် ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီအလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ် တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင် ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမား တိုက် ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေ ကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သမိုင်းချည်စက်ရှေ့ မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေး နက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …

မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန် လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။

ဒို့အရေး - ဒို့အရေး …

ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ...’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’

‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’

‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’

ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုးလုံးညံ အောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတလျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေတဲ့အတွက် ခဏရပ်ကြည့် လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာ တော့ ‘သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ ’။

‘ ဆန်လုံလောက်စွာ ရရှိရေး - ဒို့အရေး ဒို့အရေး ’

‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’

‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’

ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေကွက် လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦရှည်ကြီးတခု ရှိပါတယ်။ အဲဒီအ ဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ် တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါတယ်။ အဲဒါတွေ ပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်း စီ တည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာ တာ တွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာချောင်ချိရေး ကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေး တဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါ တယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန်ကို ရရှိ ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရား မျှတပြီး အင်မတန်မှ ကြောင်းကျိုးကျတဲ့ တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်း ကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ်သမား သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည်ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေသတဲ့၊ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက် နေသတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေသတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက်ရွာကျလာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည် စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကား တွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက် နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက် သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချ လိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ် ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကား ရှေ့ ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့ အယူတွေ လုပ်နေတယ်။ ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အပြင် ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ် ကြည့် နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမော နေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်း ချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတစွာ တောင်း ဆိုနေတာဖြစ်တယ်...’ ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန် ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊ တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ် တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်း ဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရ တော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ် သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီသပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက် နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြ ပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေးများများလာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူလာနဲ့ လမ်းဟာ ပလက်ဖေါင်း ဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လို မြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက်က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရ ပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိပါ တယ်။ လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချတမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက် လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာ ရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ် ဖြစ်သွား ပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည် ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီအချိန်မှာ သေ နတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -

‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …

‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ

တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက် ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူ သုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး၊ မျက် ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူ အုပ် ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူအုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲ တွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျောက် ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူ အုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီ ဝီ ဖြတ်လာပါတယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်း တွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်း ဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရတယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက်ထွက် လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွား တိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည် ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီ တော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...

‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည် အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ် လာနေခဲ့ပါတယ်။

မရှေးမနှောင်းမှာပဲ ...

‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ် စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံ တရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြရသူ တွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ် ခဲ့ပါတယ်။

ဇွန်လ (၆) ရက်အကျော် (ရ) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်း ဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေ ကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီ စက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများ ဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာ ဖိုးကျော့ တို့လဲ ပါခဲ့ ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်း နိုင်ပြီးပြီလို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ် တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်းအရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါပြီ။

အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...

ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...
( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

ဇွန် (၆) အလုပ်သမားအရေးအခင်း
Sunday, May 31, 2009
အောင်ဝေး
တော်လှန်ရေးကောင်စီ လက်အောက် ၁၉၇၀ ပြည့်လွန် မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဥပဒေတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ မဆလခေတ်မှာ ပထမဆုံး ပြင်းပြင်းထန်ထန်နဲ့ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ လူထုတိုက်ပွဲကတော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းပါပဲ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပါတယ်။

ဒီပွဲမှာ မဆလဟာ နိုင်ငံရေး နားမလည်တဲ့ အနုပညာသည်တွေ၊ တတ်သိပညာရှင်တွေကို ခုတုံးလုပ် အသုံးချပြီး လူထု လည်ပင်း ဓားထောက်ကာ သူတို့ဥပဒေကို တဖက်သတ် အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့ ၁၉၇၄ စစ်တပ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွက်လာခဲ့တာပါပဲ။

အဲဒီအခြေအနေမှာ တတိုင်းတပြည်လုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဘ၀အထွေထွေဟာ အတော့်ကို ချွတ်ချုံကျနေခဲ့ ပါပြီ။ ဆင်းရဲကျပ်တည်းတဲ့ ဒဏ်ကို အောက်ခြေလူထုက အလူးအလဲ ခံနေရတဲ့ အချိန်ပါ။ အထူးသဖြင့် မြို့နေအလုပ်သမား တွေရဲ့ ဘဝဟာ ရင်နင့်စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် တိုးနေရပါပြီ။

အဲဒီလို လူထုရဲ့ အထွေထွေ အကျပ်အတည်းကြားမှာပဲ ၁၉၇၄ ခုနှစ် မတ်လထဲမှာ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးမှာ ရှိတဲ့ ကမာရွတ်ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ အဆောင်နေ ကျောင်းသားတဦးကို ခါးပိုက်နှိုက်နဲ့ မှားပြီး ရဲက ဖမ်းလိုက်တာက စတာပါ။ ကမာရွတ် ရဲစခန်းမှာ ရဲတွေက အဲဒီကျောင်းသားကို ရိုက်နှက်စစ်ဆေးကြတယ်။ ဒါကို ကျောင်းသားထုကြီးက မခံမရပ်နိုင်ဖြစ်ပြီး ကမာ ရွတ်ရဲစခန်းကို ဝိုင်း၊ ရိုက်နှက် စစ်ဆေးတဲ့ ရဲတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။

စခန်းမှူးနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အပြင် ကျောင်းသားတွေအပေါ် မချေမငံ ဆက်ဆံတဲ့ အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး၊ ၁၉၇၄ ခုနှစ် မေလနဲ့ ဇွန်လတွေ အတွင်းမှာ တနိုင်ငံလုံးအတိုင်း အတာနဲ့ အလုပ်သမားတွေရဲ့ အုံကြွမှုကြီးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။

အစောဆုံး ပေါ်ထွက်လာတဲ့ အလုပ်သမားထု ဆန္ဒပြပွဲတွေကတော့ ၁၉၇၄ ခုနှစ် မတ်လ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ၊ ဧပြီလ မန္တလေးမြို့က အစိုးရပိုင် သစ်စက်တွေမှာ ဖြစ်ပါတယ်။

မေလထဲ ရောက်တော့ ၁၃ ရက်နေ့ မြစ်ငယ် မီးရထားတွဲပြင်စက်ရုံနဲ့ ရွာသစ်ကြီး ချည်မျှင်နဲ့အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်းဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေးကုန်စည်ဌာနခွဲ အဲဒီ နေရာ အသီးသီးမှာ အလုပ်သမားသပိတ်တွေ ဆက်တိုက် ပေါ်ထွက်လာပါတယ်။

၁၉၇၄ ခုနှစ် ဇွန်လထဲမှာ မြစ်ငယ် မီးရထားစက်ခေါင်းရုံက စလိုက်တဲ့ အလုပ်သမားသပိတ်ဟာ တနိုင်ငံလုံးကို ပျံ့နှံ့ကူးစက် သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေအလုပ်သမားသပိတ်ကြီးအဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

မန္တလေး၊ မြစ်ငယ် အစ ချောက်၊ ရေနံချောင်း၊ စစ်ကိုင်း အလယ် ရန်ကုန်၊ သံလျင် အဆုံး တပြည်လုံးက စက်ရုံ အလုပ်ရုံ ပေါင်း ၁၂၈ ခု သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ တိုက်ပွဲပါပဲ။

ဇွန်လ ၆ ရက် ရန်ကုန် အလုပ်သမားတိုက်ပွဲမှာ အလုပ်သမားတွေဘက်က အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ ဆန် လုံလောက်စွာရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နေစရာ အိမ်ခန်းရရှိရေး၊ လစာ တိုးမြှင့်ရေး စတဲ့ အလုပ်သမားအခွင့်အရေးတွေကိုပဲ တရားဝင် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။

အလုပ်သမားတွေဟာ မဆလ စစ်တပ်ဆီက အာဏာကို လုနေတာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို အလုပ်သမားခေါင်းဆောင် တွေက အစိုးရကို ရှင်းပြခဲ့ကြတယ်။

ဒါပေမဲ့ မဆလ စစ်အုပ်စုက အလုပ်သမားသပိတ်ကြီးကို လက်နက်နဲ့အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်းချည်မျှင် နဲ့ အထည်စက်ရုံက အလုပ်သမားတွေ၊ ဆင်မလိုက်သင်္ဘောကျင်းက အလုပ်သမားတွေ အများအပြား သေကြေဒဏ်ရာရခဲ့ ကြပါတယ်။

ဒီတိုက်ပွဲမှာ အလုပ်သမားခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးခံခဲ့ရပါ တယ်။ အလုပ်သမား တော်တော်များများလည်း အလုတ်ဖြုတ်ခံကြရပါတယ်။

မဆလ အစိုးရဟာ အလုပ်သမားသပိတ်ကို ကွန်မန်ဒိုတပ်တွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။ စားစရာ ဆန် တောင်းနေတဲ့ အလုပ် သမားတွေကို စစ်တပ်က ကဲ ဟေ့ မင်းတို့ ဆန်တော့ မရဘူး၊ ကျည်ဆံပဲရမယ် ဆိုပြီး ပစ်ခတ် ချေမှုန်း၊ ဘက်နက် လှံစွပ်နဲ့ အတင်း တက်ထိုးခဲ့တဲ့ ဖြစ်ရပ်ပါ။

ဇွန်လ ၆ ရက်၊ ဇွန်လ ၇ ရက် အလုပ်သမားသပိတ်ကို ပစ်ခတ် ဖြိုခွဲနေတဲ့ မောင်းပြန် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကို တက္ကသိုလ်နယ်မြေထဲကလည်း အတိုင်းသား ကြားနေခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့ အလုပ်သမားတွေထဲမှာ ကျောင်းသား မိဘတချို့လည်း ပါပါတယ်။

အလုပ်သမားတွေ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ ပြည်သူရဲ့ဒုက္ခကို ဘယ်တုန်းကမှ မျက်ကွယ်ပြုရိုး ထုံးစံ မရှိတဲ့ ကျောင်းသားတွေဟာ သွေးမြေအကျခံပြီး တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ ခွပ်ဒေါင်းအလံကို လွှင့်ထူ လိုက်ကြပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ လမ်းမပေါ်ထွက်လာပြီး မဆလ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်လိုက်ကြပါပြီ။

မဆလ အစိုးရဟာ အလုပ်သမားတိုက်ပွဲထဲကို ကျောင်းသားတွေ ပူးပေါင်းပါဝင်လာပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလို တက္ကသိုလ် ကောလိပ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေကျောင်းသားတွေကို အမိန့်နဲ့ တက္ကသိုလ် နယ်မြေထဲကနေ ထွက်ခွာခိုင်းပါတော့တယ်။

အလုပ်သမား တိုက်ပွဲတွေကတော့ ချက်ချင်းသွေးအေးမသွားဘဲ ဇွန်လ ၁၀ ရက် အမှတ် ၃ သစ်စက်၊ ဇူလိုင် ၁ ရက် ကြို့ ကုန်း ဘီပီအိုင်စက်ရုံတို့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှုတိုက်ပွဲ ချေမှုန်းခံခဲ့ရပေမယ့် အလုပ်သမားထုနဲ့ ပြည်သူတရပ်လုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကတော့ ကြံ့ကြံ့ခံနေဆဲပါပဲ။ ။

ကိုအောင်ဝေး

0 comments:

Post a Comment