Satesayyar

ပျက်တတ်သော စိတ်နေသဘောထားများ၊အတွေးခေါ် အကြံအစည်များ အတွေ့ ကြုံစိတ်ကူး သဘောထား စာတွေ့ ငါတွေ့ များ သဘာဝကျကျ ရေးဖွဲ့ ထားသော Blog ဖြစ်ပါတယ်..................

ထိုင်း-မြန်မာနယ်စပ် နိုပိုးဒုက္ခသည်စခန်းသို့ အလည်တခေါက်

ထက်အောင်ကျော်
ဓာတ်ပုံ-ကိုလတ် 
ဒီခရီးနီးသလား (၇) နာရီကြာ ကားနှစ်ဆင့်စီးရသည်
မြန်မာအတိုက်ခံတွေအများစုအခြေစိုက်ရာ မဲဆောက်မြို့ရဲ့မြောက်ဘက် (၇) နာရီလောက် လိုင်းကားနှစ်ဆင့် စီးပြီးသွားရတဲ့ နိုပိုးစခန်းခရီးစဉ်ဟာ ကျနော်အတွက်တောာ့ အသစ်အဆန်းခရီးတခုပါပဲ။ ဒီခရီးလမ်းရှိ အုန်း ဖျန်ဒုက္ခသည်စခန်း အပါအ၀င် နယ်စပ်တကြောက ဒုက္ခသည်စခန်း တဒါဇင်နီးပါးခန့်ကို လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်း ကျနော်ရောက်ခဲ့ဖူးပြီးဖြစ်ပေမယ့် နိုပိုးကိုတော့ ဒါ ပထမဆုံးခရီးစဉ်ပါ။ အဲဒီမှာ ရောက်နေတဲ့ ကျနော်တို့မင်းသမီးစခန်းက (တနင်္သာရီတိုင်းအခြေစိုက် ABSDF - 201 တပ်ရင်းကို ဆိုလိုပါတယ်) ရဲဘော် ဟောင်းတွေအတွက် အလှူငွေပေးရင်း၊ စခန်းအခြေနေကိုလည်း လေ့လာရင်းဆိုပြီး ဒီခရီးစဉ်ကို သွားဖို့စိတ် ကူးခဲ့တာပါ။
မဲဆောက်ကနေ နိုပိုးကို ဘယ်လိုသွားရမလဲ၊ ဘယ်သူလိုက်ပို့နိုင်မလဲဆိုပြီး မဲဆောက်က ဘော်ဒါတွေဆီ အ ကူညီတောင်းတော့ “ကမ္ဘာပတ်နေတဲ့ သတင်းထောက်ကြီးကလည်းဗျာ၊ ဘာမှပူစရာမလိုဘူး။ လိုင်းကားစီး သွားရင် ရပါတယ်။ အဲဒီကားပေါ်မှာ နိုပိုးသွားမယ့် မြန်မာဒုက္ခသည်တွေနဲ့ ခင်ဗျားတွေ့လိမ့်မယ်။ ဒီတိုင်းသာ ထသွားလိုက်” ဆိုပြီး ကျနော့်ရဲ့ ABSDF ဘော်ဒါတွေ၊ ဒုက္ခသည်ခံယူထားသူတွေက ပြောပါတယ်။ ပြီးတော့ စခန်းထဲက ရဲဘော်တွေကို တယ်လီဖုန်းနဲ့ ဆက်ပြီး အချိတ်အဆက် လုပ်ပေးပါတယ် (အဲဒီစခန်းမှာ အင်တာ နက်ရပေမယ့် လက်ကိုင်တယ်လီဖုန်းတော့ မရသေး။ စလောင်းဖုန်းနဲ့ ဆက်နေရဆဲပါ)။
ဒီလိုနဲ့ မနက် (၇) နာရီခွဲထွက်တဲ့ မဲဆောက်-အုန်းဖျန် ပထမဆုံး လိုင်းကားကို မှီနိုင်ဖို့ မဲဆောက်ဈေးထဲ ခပ် စောစောပြေးရပါတယ်။ ဒါပေမယ့် (၇) နာရီ (၁၀) မိနစ်လောက်ကတည်းက ကားက လူပြည့်နေပြီ။ လိုက်ချင် ရင် “အတွယ်အတာရမယ်။ ခေါင်မိုးပေါ် ထိုင်လိုက်နိုင်ရင်ရမယ်” လို့ ကားသမားက ထိုင်းလိုပြောတာကို ကျ နော်က မြန်မာမှုပြုပြီး နားလည်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ခန့်ကတော့ ဒါမျိုးတွေက မထူးဆန်း။ အ တွယ်အတာတွေရော၊ ခေါင်းမိုးပေါ်တွေရော လိုက်နေကျ။ ဒါပေမယ့် အခုတော့ ဥရောပပြန် ကိုရွှေ ဖြစ်နေပြီ ဆိုတော့ လုံခြုံမှုစိတ်မချရတဲ့ ကိစ္စမျိုးဆိုရင် မလုပ်ချင်တော့။ ဒီလိုနဲ့ (၈) နာရီခွဲကားကို စောင့်လိုက်ရပါတယ်။
ဒီကားကတော့ မဆိုးပါဘူး။ လူသိပ်မပြည့်လှ။ တဘက် (၇) ယောက်စီထိုင်နိုင်တဲ့ ခုံတန်းမှာ (၅) ဦးစီလောက် ပဲရှိတယ်ဆိုတော့ သက်တောင့်သက်သာ သွားရမယ်လို့ ထင်ခဲ့ပေါ့။ ဒါပေမယ့် ကျနော်ထင်သလိုမဟုတ်ခဲ့။ မဲ ဆောက်အထွက်ကနေ လမ်းတလျှောက်တင်လိုက်တဲ့ ခရီးသည်က (၃၀) တောင်ကျော်မလားမသိဘူး။ ခေါင် မိုးပေါ်မှာလည်းအပြည့်၊ ခုံတန်း (၂) ခုကြားက ကြမ်းပြင်မှာလည်း လူအပြည့်။ ကျနော် ခြေထောက်တွေ ဘယ် လိုမှလှုပ်မရတော့။ ပိုဆိုးတာက လမ်းခရီးမှာ တက်လာသူအများစုဟာ ဒေသခံ ကရင်တိုင်းရင်းသားတွေဖြစ် ပြီး အဖွားအိုတွေရော၊ နိုစို့အရွယ် ကလေးတွေရော၊ စုံလိုပါပဲ။    နိုင်ငံတကာ လူမှုဆက်ဆံရေးဗေဒ အရဆိုရင် ကလေးသူငယ်၊ အသက်ကြီးသူနဲ့ မသန်မစွမ်းသူတွေကို ဦးစား ပေးရမှာဖြစ်ပေမယ့် ဒီကားပေါ်မှာတော့ ဒီယဉ်ကျေးမှုအကြောင်း သိသူရှိပုံမပေါ်သေး။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ ကားပေါ်တက်လာပေမယ့် ခုံတန်းပေါ်မှာထိုင်နေသူတွေ နေရာဖယ်မပေး။ ကလေးတွေ အော်ငိုနေတာကိုတောင် ဂရုမစိုက်ကြ။ ဥရောပမှာဆိုရင်တော့ ဒီလိုင်းကားမျိုးဟာ ကလေးငယ်တွေ စီးသင့် တဲ့ကားလို့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်။ ကလေးတွန်းလှည်းလည်း မပါကြ။ တကယ်ကလိုင်းလတ်ကား ကို ဖြစ်သလိုပြင်ပီး လိုင်းကားဆွဲနေတာဆိုတော့ ကလေးတွန်းလှည်းတင်ဖို့မပြောနဲ့ကလေးထိုင်ဖို့ နေရာတောင်မရှိ။ကလေးတွေအချိန်မရွေး ပြုတ်ကျသေဆုံးနိုင်တဲ့  အခြေနေကြီးပါ။
ဒါပေမယ့် ဒါဟာ ဒီဒေသကလူတွေအဖို့တော့ အထူးအဆန်းဟုတ်ပုံမရ။ ကားသမားကလည်း ဘာမှဂရုမစိုက်။ စနစ်တကျလည်း နေရာချမပေး။ သူ့ခရီးသည်တွေ လုံခြုံရေးအတွက် သူ့မှာ တာဝန်ရှိတယ်လို့တောင် အဲဒီ ကားသမားက နားလည်ထားရဲ့လား မသိပါဘူး။ ကလေး၊ လူကြီးမရွေးဘဲ ကားပေါ်လူရောက်တာနဲ့ အရှိန်နဲ့ မောင်းထွက်တော့တာပါပဲ။ ကံကောင်းတယ်လိုပဲဆိုရမလား။ ကျနော်စီးတဲ့ကားပေါ်က တဦးမှ ပြုတ်ကျမကျန် ခဲ့။ ဒါပေမယ့် Safety First ဆိုပြီး ပြောလေ့ရှိတဲ့ ဥရောပပြန် မြန်မာဒုက္ခသည် ကျနော့်မျက်လုံးထဲမှာတော့ ကားသမားနဲ့ ခရီးသည် ဆက်ဆံရေးက တမျိုးကြီးပါပဲ။ ပြီးတော့ ဒါဟာ ထိုင်းတနိုင်ငံလုံးမှာ ဒီလိုဖြစ်နေတာ မျိုးလည်း ဟုတ်ပုံမရ။
ဘာကြောင့်လဲဆိုတော့ ဘန်ကောက်မှာ ကျနော်စီးနေကျ မိုးပျံရထားနဲ့ မြေအောက်ရထားတွေမှာဆိုရင် သက် ကြီးရွယ်အို၊ ကလေးသူငယ်၊ မသန်မစွမ်းနဲ့ သံဃာတော်တွေကို နေရာပေးရမယ်လို့ စာတန်းနဲ့တောင် သတိ ပေးထားတာ တွေခဲ့ရပါတယ်။ ဒါ့အပြင် ဘန်ကောက်ကနေ ဖူးခက်၊ ချင်းမိုင် ...စသဖြင့်ခရီးစဥင်္တွေမှာလည်း ဒီလိုမဟုတ်။ ကားသမားက ခရီးသည်တွေကို တလေးတစားဆက်ဆံနေတာ မြင်ခဲ့ရပါရက်နဲ့ ဘာကြောင့် ဒီ နေရာကျမှ   ဒီလိုဆက်ဆံနေကြတာလဲ။    မြန်မာနိုင်ငံသားတွေဖြစ်နေလို့ကားသမားက နှိမ်များဆက်ဆံနေတာ လား။ ကျနော် စဉ်းစားနေပေမယ့် ပြဿနာဖြစ်ရင် ခရီးစဉ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ ကားသမားကိုတော့ မမေးဖြစ်ခဲ့။
ဒီလိုစဉ်းစားလို့ကောင်းတုန်း အလယ်ကြောမှာ ဖြစ်သလိုထိုင်ပြီး ပါလာတဲ့ ခုနက ကရင်ကလေးငယ်တွေက ဥ သြဆွဲပီး ဆန်ပြုတ်တွေထုတ်ပါလေရော။ သူ့အမေက ကျောကို ထုပေးနေပြီး တခြားတဦးက ပလစတစ်အိတ် ထုတ်ပေးနေပါတယ်။ ဒါပေမယ့် အချိန်မီ မယူလိုက်နိုင်တော့ အဲဒီဆန်ပြုတ်က ကျနော့်ခြေထောက်ပေါ်       လောင်းချသလိုဖြစ်ခဲ့ပေါ့။ ဒါပေမယ့် ကျန်တဲ့လူတွေကတော့ ဒါကို အထူးအဆန်းအဖြစ် မြင်ပုံမရ။   နေ့စဉ်ဖြစ် နေကျ ဖြစ်စဉ်တခုလို သူတို့ရဲ့မျက်နှာပေါ်မှာ မြင်နေရပြီး ကားသမားကလည်း ဘာမှဂရုမစိုက်။ သူ့ကားသူ မောင်း အုန်းဖျံဒုက္ခသည်စခန်းအနီးက လိုင်းကားတွေ ရပ်နားရာစားသောက်ဆိုင် တန်းရောက်တဲ့ အထိပါပဲ။
မြင်မြင်သမျှ အထူးအဆန်းလိုဖြစ်နေတဲ့ ဥရောပမဲဇာပြန် ကျနော်ဟာလည်း ကြာလာတော့လည်း ခံနိုင်ရည်နဲ့ ၀ပေါ့။ အမိုး၊ မူးနော်နဲ့ ဖိုးသခွားတွေကို “ဟာလားဂေ-၀ါးလားဂေ” လုပ်။ ထိုင်းတွေကို “ဆ၀ါဒီခပ်” လုပ်ပြီး မိတ်ဖွဲ့ရပါတယ်။ ကားပေါ်မှာ ပါလာသူတွေထဲမှာ ထိုင်းနဲ့ကရင်ကလွဲရင် ကျနော်လို နိုပိုးစခန်းသွားမယ့်လူ တ ဦးမှမတွေ့။ ဒါပေမယ့် မြန်မာစကားပြော ထိုင်း-ကရင် (၂) ဦးနဲ့ ဒုက္ခသည်စခန်းထဲ ခိုးဝင်ဖို့ အသစ်ခေါ်လာပုံရ တဲ့ လူသစ် (၂) ဦးကိုတော့ ကျနော် သတိထားမိပါတယ်။ ဒီလူ (၄) ဦးစလုံးဟာ မဲဆောက်မြို့ပြင် ရွာတရွာက နေ ကားပေါ်တက်လာတာဖြစ်ပြီး လမ်းတလျှောက်က ရဲဂိတ်တွေရောက်တိုင်း ရဲကိုငွေဆင်းပေးနေတာလည်း ကျနော် မြင်ခဲ့ရပါတယ်။ တဂိတ်ကို တယောက်အတွက် (၃၀၀) ပေးရတယ်လို့ လူပွဲစားလို့ ထင်ရတဲ့ မြန်မာစ ကားပြော ကရင်အမျိုးသားက သူဘေးက လူတွေကို ပြောပြနေပါတယ်။ ဒီလူငယ် (၂) ဦး မဲဆောက်ကနေ အုန်းဖျန်စခန်းအရောက်ပို့နိုင်ရင် သူ့အတွက် ဘယ်လောက်ရသလဲဆိုတာကိုတော့ မမေးသင့်ဘူး။ မေးလိုက် ရင် ကျနော့်ကို သတင်းထောက်မှန်း သိသွားမှာစိုးတာနဲ့ ဒီတိုင်းပဲ နေခဲ့လိုက်ပါတယ်။ ဒီလိုနဲ့ သူတို့ (၄) ဦး အ ပါဝင် အလယ်ကြောက ကရင်မိးသားစုအားလုံးနီးပါး အုန်းဖျန်ဒုက္ခသည်စခန်းနဲ့ စခန်းအလွန်မှာ အားလုံးဆင်း သွားပါတော့တယ်။
ဒုက္ခသည်စခန်းနဲ့ သဘာဝအလှ ဘယ်လိုမှ ဆက်စပ်လို့မရ
(၁၂) ပေ x (၅) ပေ ပတ်လည် လိုင်းကားပေါ်မှာ ဒုက္ခမျိုးစုံနဲ့ ကြုံနေရပေမယ့် ဒီဒုက္ခတွေကို ကျော်ပြီး ကားအ ပြင်ဘက် ကြည့်လိုက်မယ်ဆိုရင်တော့ ကားတွင်းမှာ ဖြစ်ပျက်နေတာနဲ့ ကားပြင်ပက သဘာဝအလှက ဘာမှမ ဆိုင်။ မဲဆောက်ကနေ တနာရီလောက် မောင်းပြီးကတည်းက တောင်ပေါ်တက်လာတာကို ကျနော်သတိထား   မိလိုက်ပြီး အပူရှိန်လည်း နည်းနည်းလျော့ကျသွားတာကို သတိပြုမိပါတယ်။    တောင်ကြောတလျှောက်ဖောက် ထားတဲ့ ကားလမ်းတလျှောက် ပြေးနေတဲ့ လိုင်းကားပေါ်ကနေ ဟိုငေး ဒီငေးလုပ်ရင်းနဲ့ နက်ရှိုင်းတဲ့ ချောက် ကမ်းပါးတွေ၊ လှပတဲ့ တောင်တန်းတွေ၊ သစ်ပင်မျိုးစုံတွေ၊ တိမ်တိုက်တွေ၊   ကျေးငှက်မျိုးစုံကို မြင်ခဲ့ရပါတယ်။
တကယ်တမ်းပြောမယ်ဆိုရင် မဲဆောက်နဲ့ ဒုက္ခသည်စခန်းတွေကြားမှာ ဒီလောက်လှပတဲ့ သဘာဝရှုခင်းမျိုး   မြင်ရလိမ့်မယ်လို့ ကျနော်ထင်မထားခဲ့။ ၁၉၉၈-၉၉ အုန်းဖျန်စခန်း ဆောက်ကာစက သတင်းယူဖို့ ကျနော် တ ခေါက်ရောက်ခဲ့ဖူးပေမယ့် ဒီလိုသဘာဝအလှကို မခံစားဖြစ်ခဲ့။ တောထဲက ထွက်ကာစ သူပုန်လူထွက်မို့ တော အလှကို မခံစားတတ်တာလား။ ဥရောပရောက်ပြီးမှပဲ သဘာဝအလှကို ပိုခံစားတတ်လာတာလား။ ဒီလိုစဉ်း စားရင်းနဲ့ လိုင်းကားက အုန်းဖျန်ဒုက္ခသည်စခန်းကို ကျော်လာပြီး နောက်တကြိမ် တောင်ပေါ်ပြန်တက်ပြန်ပါ တယ်။ ခရီးသည်နည်းသွားလို့ နည်းနည်းလွတ်လွတ်လပ်လပ် ကြည့်ခွင့်ရလို့လားတော့ မသိဘူး။ အုန်းဖျန်စ ခန်းအလွန် တောင်တန်းက အုန်းဖျန်မရောက်ခင် တောင်ထက် ပိုလှတယ်လို့ ကျနော့်စိတ်ထဲခံစားမိပါတယ်။

ဥရောပမှာ တွေ့လေ့ရှိတဲ့ ထင်းရှုးပင်တချို့ကိုပါ ဒီတောင်မှာ တွေ့ရပြီး တောင်တလုံးပြီးတလုံး အနိမ့်အမြင့် တန်းစီမြင်နေရတဲ့မြင်ကွင်း။ အဖူးအပွင့် ရောင်စုံလှပနေတဲ့ စိမ်းစိမ်းစိုစို သစ်ပင်အုပ်တွေ။ အဲဒီတောင်တန်းနဲ့ သစ်ပင်တွေကြားမှာ ပေါ်လာလိုက် ပျောက်သွားလိုက် မြင်နေရတဲ့ အကွေ့အကောက်ကားလမ်းဟာ တကယ့် အံ့မခန်းမြင်ကွင်းပါပဲ။ ဒီလောက်လှပတဲ့ သဘာဝရှုခင်းတွေကြား ဘယ်လိုလုပ် မျက်စိလည်လမ်းမှားပြီး ဒုက္ခ သည်စခန်း (၂) ခု ရောက်နေတာလဲဆိုတာကို စဉ်းစားရင်းနဲ့ ညနေ (၄) နာရီလောက်မှာ နိုပိုးစခန်းဆီ ကျနော် ရောက်ရှိလာခဲ့ပါတယ် (နောက်ပိုင်းမှ ကျနော် သိခွင့်ရခဲ့တာကတော့ ဒီကားလမ်းဟာကမ္ဘာလှည့်ခရီးသည်   တွေ စိတ်ဝင်စားတဲ့နေရာတခုဖြစ်ပြီး အုန်းဖျန်မြို့အလွန်မှာ အလွန်လှပကျော်ကြားတဲ့ သီးလောစူးရေတံခွန် www.theelorsuriverside.com ဆိုတာ ရှိပါတယ်။ ဒုက္ခသည်စခန်းထဲကလူတွေတောင် ကျနော် ရောက်နေ တဲ့နေ့မှ ကားစင်းလုံးငှားပြီး အဲဒီရေတံခွန်ဆီ သွားလည်တာကိုလည်း မြင်ခဲ့ရပါတယ်)။
နိုပိုးဟာ ဒုက္ခသည်ခစန်းလား၊ တောမြို့လေးတမြို့လေလား
နိုပိုးစခန်းဝင်ခါနီးမှာ စစ်တပ်ဂိတ်တခုရှိပြီး အဲဒီမှာ ပါသမျှလူတွေကို အစစ်ဆေးလုပ်ပါတယ်။ အုန်းဖျန်မြို့အ ၀င် လိုင်းကားပြောင်းကတည်းက ပါလာတဲ့ လူအတော်များများ ဒီနေရာမှာ ဆင်းသွားတာတွေ့ရပြီး အမျိုးသမီး ၄-၅ ဦးလောက်နဲ့ ကျနော်ပဲ ကားပေါ်မှာ ကျန်ပါတော့တယ်။ ဒီလိုနဲ့ ကားဆက်မောင်းလာပြီး ရွာကြီးတရွာ ရဲ့ထိပ်မှာ အဲဒီအမျိုးသမီးတွေက ဆင်းသွားပါတယ်။ “ဒါကဘာရွာလဲ အနော၊ နိုပိုးက ဘယ်လောက်ဝေးသေး လဲ” ဆိုပြီး ကျနော်က ကရင်တပိုင်း ဗမာတပိုင်းနဲ့ မေးလိုက်တော့ “ဒါ နိုပိုးရောက်နေပြီလေ။ နင်က ဘယ်ရပ်ကွက်ကို သွားမှာလဲ။ ဒီမှာ ဆင်းမှာလား” ဆိုပြီး အဲဒီအမျိုးသမီးတွေက ပြောပါတယ်။
အဲဒီတော့မှ ကျနော်လည်း နိုပိုဒုက္ခသည်စခန်းဆိုတာ ထိုင်းရွာတရွာလိုပါပဲလား။ ငါ့လူတွေကော ဒီရွာထဲမှာနေ တာဟုတ်ရဲ့လား ဆိုပြီး သံသယတ၀က်နဲ့ ကားပေါ်က ဆင်းလာပါတယ်။ ဒီမှာ မဆင်းရင်လည်း ဘယ်မှဆင်း ရမှန်း ကျနော်မသိ။ မဲဆောက်က ဘော်ဒါတွေ အလွယ်လေးပြောလိုက်သလို မဲဆောက်-နိုပိုးလမ်းတလျှောက် မှာလည်း ဒုက္ခသည်တဦးမှမတွေ့ဘဲ တကိုယ်တော် ခရီးနှင်လာရတော့ စိတ်ကလည်း နည်းနည်းကျွဲမြီးတိုစပြု   နေပါပြီ။
“နင်က ဘယ်ရပ်ကွက်ကို သွားမှာလဲ။ ငါတို့ရပ်ကွက်ထဲကိုပဲလား” ဆိုပြီး အဲဒီကရင် အမျိုးသမီးတွေက ထပ် မေးတော့ ကျနော်လည်း မဖြေတတ်။ “စခန်းအ၀င်မှာ သူတို့ခင်ဗျားကို စောင့်နေလိမ့်မယ်” ဆိုတဲ့ စကားတ လုံးနဲ့ လာတဲ့ ကျနော်က ကိုယ်လူတွေ ဘယ်ရပ်ကွက်မှာနေသလဲ။ တကယ်တမ်းပြောမယ်ဆိုရင် ဒုက္ခသည်စ ခန်းမှာ ရပ်ကွက်ရှိမှန်းလည်း ကျနော်မသိခဲ့။ ဒီလိုမတင်မကျဖြစ်နေစဉ်မှာ ကားက မောင်းထွက်ဖို့ပြင်တော့ ကျနော် ဆက်လိုက်သွားပါတယ်။ (၃) မိနစ်လောက်အကြာမှာတော့ ကိုယ်လူတွေ ထိုင်စောင့်နေတဲ့ ကျောင်း သားနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ သတင်းသုံးရာ ရပ်ကွက်၊ ကားလမ်းဘေးတလျှောက်မှာ ဘုန်းကြီး ကျောင်း (၄) ကျောင်းလောက် တန်းစီဆောက်ထားတဲ့ ဟိုဘက်အစွန် ရပ်ကွက်ကို ဆိုက်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်ထိ နိုပိုးဒုက္ခသည်ခစန်းကို ရောက်ပြီလို့ ကျနော်က မထင်သေး။ ဒုက္ခသည်စခန်းဆီသွားရမယ့်လမ်း က တဆင့်ခံထိုင်းရွာတရွာလို့ ထင်နေဆဲ။ ဒီလိုနဲ့ ကားလမ်းဘေးက ခြံတခါးကိုကျော်ပြီးဝင်လိုက်တော့ ‘ဒေါင်း မာန်ဟုန်’ ဆိုတဲ့ သက်ကယ်မိုး၊ ၀ါးထရံကာ မူကြိုကျောင်းကို မြင်ရပါတယ်။ အဲဒီရဲ့ မျက်နှာချင်းဆိုင်မှာတော့ တနာရီ ဘတ် (၂၀) နဲ့ ကော်ဖီပါရမယ်လို့ ကြော်ငြာစာရွက်ကပ်ထားတဲ့ အင်တာနက်ကဖေး။ ရှေ့ (၅)  လှမ်း လောက် ဆက်လျှောက်တော့ ပန်းထိမ်ခတ်နေတဲ့ ထားဝယ်က ကျနော့်သူငယ်ချင်းညီတဦးရဲ့ ဆိုင်(အိမ်)ကို တွေ့လိုက်ရပါတယ်။ ဘယ်ကွေ့ညာရှောင်လုပ်ပြီး နည်းနည်းဆက်လျှောက်တော့ ကျနော်တို့စခန်းက ရဲဘော် တချို့နဲ့ ဗမာလိုပြောပြီး ဆော့ကစားနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေအများဆုံးဖြစ်လာနေတဲ့ က လေးငယ်တွေကို မြင်ခဲ့ရပါတယ်။ ဒီတော့မှာပဲ ဒါဟာထိုင်းရွာမဟုတ်ဘူး။ နိုပိုးဒုက္ခသည်စခန်းဆိုတာကို လက် ခံလိုက်ရပါတယ်။
ဒုက္ခသည်စခန်းမှာလည်း တရုတ်တန်း (China Town) ရှိလား
နိုပိုးဟာ ဒုက္ခသည်စခန်းဆိုပေမယ့် ကျနော်ရောက်ဖူးတဲ့ အုန်းဖျန်နဲ့မယ်လအပါအ၀င် တောင်ပိုင်းက ထန်ဟင် တို့၊ ဘန်တောင်ယန်းတို့လိုမဟုတ်။ သစ်ပင်ကြီးတွေရှိပြီး အင်ဖက်မိုး၊ ၀ါးထရံကာ၊ ၀ါးကြမ်းခင်းအိမ်တွေ ဖြစ် နေလို့ အပူဒဏ်သိပ်မပြင်း။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က မင်းသမီးစခန်းမှာ အတူနေခဲ့ဖူးတဲ့ ရဲဘော်တဦးရဲ့ အိမ်မှာ ကျနော့်ကို နေရာချပေးပါတယ်။ သူ့အိမ်က တခြားလူဆီက တဆင့်ဝယ်ထားတာ ဘတ် (၃) ထောင်     လောက် ပေးရတယ်လို့ ဆိုပါတယ်။ ပေ (၂၀) x (၁၈) ပေ ပတ်လည်လောက်ရှိမယ်လို့ မှန်းဆရပြီး အိမ်ရှေ့မှာ ဘုရားစဉ်နဲ့ဧည့်ခန်း၊ ပြီးတော့ အိပ်ခန်း၊ အောက်မှာတော့ မီးဖိုးချောင်နဲ့ အိမ်သာ (ရေလောင်းအိမ်သာကို အသေအချာ လုပ်ထား) ရေချိုးခန်းတွေကို တွေ့ရပါတယ်။ ညဘက်မှာ (၁၀) နာရီလောက်အထိ မီးလားပြီး ရေကိုလည်း အချိန်အကန့်အသတ်နဲ့ ပေးထားတဲ့အတွက် တချိန်က ကျနော် နေခဲ့ဖူးတဲ့ ထန်ဟင်ဒုက္ခသည်စ ခန်း၊ တောတဲက ကျောင်းသားစခန်းတွေနဲ့တော့ တခြားစီပါပဲ (အဲ ဒါပေမယ့် အရင်က ကျောင်းသားဒုက္ခ သည်စခန်းအဖြစ် နာမည်ကြီးခဲ့တဲ့ ရတ်ချပူရီက မနီလွိုင်စခန်းအဆင့်ကိုတော့ ဘယ်လိုမှမမီသေးပါ။ နယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာတော့ အခြေကောင်းတဲ့စခန်းတခုလို့ ဆိုနိုင်ပါတယ်)။

အထုပ်အပိုးတွေကို နေရာချပြီးတော့ စခန်းတပတ်လောက် ကျနော့်ကို လိုက်ပြမယ်လို့ ရဲဘော်တွေက ပြောပါ တယ်။ လုပ်ပါဦး ကြည့်ရတာပေါ့၊ ဓာတ်ပုံကောရိုက်လို့ရလား ဆိုပြီး လမ်းကြိုလမ်းကြား (တကယ်ကတော့ လမ်းကြိုလမ်းကြားမဟုတ်ပါ။ ဒုက္ခသည်စခန်းရဲ့လမ်းတွေကိုက လမ်းကျဉ်းလေးတွေ ဖြစ်နေတာပါ) လျှောက် ပတ်ကြည့်ဖြစ်ပါတယ်။ အင်းယားကန်လို့ သူတိုတတွေ နောက်ပြောင်ခေါ်ဝေါ်တဲ့ ညစ်ပတ်ပေရေနေတဲ့ ရေ အိုင်ကြီးအလွန်မှာ ကျနော်တို့ဆီက ရဲဘော်တဦး ဖွင့်ထားတဲ့ ‘ဘိတ်သားလေး ကွမ်းယာဆိုင်’ ဆိုပြီး တွေ့ပါ တယ်။ ဘေးမှာတော့ လက်ဖက်ရည်ဆိုင်၊ ဘိတ်ကပ်ကျေးကိုက်နဲ့ မြန်မာစားစရာမျိုးစုံရမယ်။   မြန်မာသီချင်း၊ မြန်မာဗွီစီဒီ၊ မြန်မာတီဗွီတွေနဲ့ တကယ်ကို မြန်မာပြည်ကို ရောက်နေတဲ့အတိုင်းပါပဲ။ ပလပ်စတစ် ခုံပုလေး တွေပေါ်မှာ ထိုင်ရတာကိုက ကျနော့်အဖို့တော့ အသစ်အဆန်းပါပဲ။ အဲဒီဆိုင်ကိုကျော်ပြီး နည်းနည်းဆက်   လျှောက်တော့ ဒုက္ခသည်စခန်းတွင်း ဆောက်လုပ်ရေးကန်ထရိုက်တာ ဖြစ်နေတဲ့ ကျနော်တို့ရဲဘော်တဦးကို ထပ်တွေ့ပါတယ်။ သူ တာဝန်ယူဆောက်ပေးနေတဲ့ အိမ်က သစ်သားတိုင်၊ ကွန်ကရစ်ရေချိုးခန်းနဲ့ဆိုတော့ (၅) သောင်းကျော်တန်သတဲ့။
ခေတ်သစ်ဒုက္ခသည်တွေကို မြင်ပြီး အထူးအဆန်းဖြစ်နေတဲ့ ကျနော်ကို နောက်ထပ် အထူးအဆန်းဖြစ်စေတဲ့ စကားတခွန်းကတော့ “သတင်းထောက်ကြီး တရုတ်တန်းကိုကော သွားလည်ချင်သလား။ ခင်ဗျားတွေ့ရင် ဖျားသွားမယ်” ဆိုတဲ့စကားပါ။ ဒုက္ခသည်စခန်းပါဆိုမှ ဘယ်လိုလုပ် တရုတ်တန်းရှိမလဲ။ ဒီကောင်တွေ နောက်   နေတာပဲလို့ ကျနော်က ထင်ပြီး “လျှောက်ရွှီးမနေနဲ့၊ နေမ၀င်ခင်သွားလို့ရသလောက် ဆက်သွားလည်ရ အောင်” လို့ပြောကာ ကျောက်တောင်ကြီးတလုံးကို မြင်နေရတဲ့ ဂိုဒေါင်နဲ့ ဘောလုံးကွင်းရှိရာ မြေနိမ့်အရပ်ဆီ ဆင်းလာခဲ့ပါတယ်။ ကျောက်တောင်ကြီးနားရောက်တော့ နေရာက အကျယ်ကြီး။ ဘောလုံးကွင်း၊ စတိတ်စင်နဲ့ သစ်ပင်အုပ်တွေရှိရာအရပ်ဘက်ကနေ လူတချို့ အထုပ်အပိုးတွေနဲ့ လမ်းလျှောက်ဝင်လာနေတာ မြင်နေရပါ တယ်။
အဲဒီဘောလုံးကွင်းကနေ ဘယ်ဘက်ကို ကွေ့ပြီးဝင်လိုက်တာနဲ့ “သတင်းထောက်ကြီး ဟိုမှာတွေ့လား ဆိုင် တန်းတွေ၊ အဲဒါ ကျနော်ပြောတဲ့ တရုတ်တန်း” ဆိုပြီး ကျနော့်ဘော်ဒါတွေက ရယ်ပြီးပြောပါတယ်။ အဲဒီတော့မှ ကျနော်လည်း သဘောပေါက်ပြီး ကုလားတန်းကို တရုတ်တန်းလို့ နောက်ပြောနေမှန်း သိလိုက်ပါတယ်။ ပြော မယ်ဆိုလည်း ပြောစရာပါပဲ။ သက်ကယ်မိုး၊ ၀ါးထရံကာ ဆိုင်တန်းတွေဆိုပေမယ့် အထဲမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကတော့ မဲဆောက်ဈေးထက်တောင် ပိုစုံဦးမလားပဲ။ ကုန်စုံ၊ ကုန်ချောက်၊ အ၀တ်ထည်၊ အိမ်သုံး ပစ္စည်း၊ အချိုရည်၊ ကလေးကစားစရာ ... စသဖြင့် စုံနေတာပါပဲ။ ကုန်စုံဆိုင်တွေကြားက လက်ဖက်ရည်ဆိုင် ဆိုလည်း ဒီလိုပါပဲ။ မဲဆောက်မှာ ကျနော်ထိုင်ခဲ့ဖူးတဲ့ ဗိုလ်ကျောက်၊ ကိုဖိုးထူးတို့ဆိုင်ထက် ပိုကြီးပြီး ပစ္စည်းပို စုံလေမလားပါပဲ။ ကျနော့်စိတ်ထဲ ဒုက္ခသည်စခန်းရောက်နေတယ်လို့ မထင်ဘဲ တချိန်က နာမည်ကြီးခဲ့တဲ့ (မာ နယ်ပုလော-ဒေါင်းဂွင်ခေတ်ကောင်းစဉ်က ထင်ရှားခဲ့တဲ့) စော်လဲထဈေးတန်းများ ရောက်နေသလားလို့ ခံစား မိပါတယ်။
တရုတ်တန်း (အဲ ...) အဲဒီဆိုင်တန်းတွေကနေ ဘယ်ဘက်ပြန်ကွေ့တဲ့အခါမှာတော့ ခရစ်ယာန်ဘုရားကျောင်း၊ မူဆလင်ဘုရားကျောင်းတွေကို တွေ့ရပြီး ‘ပလ’ ရုံးလို့ သူတို့ခေါ်ကြတဲ့ စခန်းအုပ်ချုပ်ရေးမှုးရုံးရှေ့ကို ရောက် ပါတယ်။ “ဥရောပသမဂ္ဂမှ ကူညီသည်။ ဘယ်အဖွဲ့မှကူညီသည်” ဆိုတဲ့ စာတန်းတွေကို မြင်ရပြီး မွန်ဘုန်းကြီး ကျောင်းတခုကိုလည်း သားသားနားနား ဆောက်ထားတာ တွေ့ရပါတယ်။ ဒီဘက်မှာ ကျယ်ပြန်တဲ့ မြေညီ လမ်းကို တွေ့ရပြီး ကားတွေ၊ ဆိုင်ကယ်တွေလည်း သွားလာနေတာ တွေ့ရပါတယ်။
ပထမတော့ ပစ္စည်းလာပို့တဲ့ ထိုင်းကားတွေ၊ ဆိုင်ကယ်တွေလို့ ထင်ခဲ့ပေမယ့် တကယ်ကတော့ ဒုက္ခသည် တွေပိုင်တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ဆိုတာကို နောက်မှ သိခဲ့ရပါတယ်။ ထူးခြားတာကတော့ ဆိုင်ကယ်ပေါ် က ဆင်းလာတဲ့ အသားဖြူဖြူ (ဒုက္ခသည်ရုပ်မပေါက်ဘဲ ထိုင်းကုန်သည်တွေလို့ ကျနော်ထင်ခဲ့သူ) ဇနီးမောင် နှံနှစ်ဦးက သူတို့ရဲ့သမီးလေးကို လက်ဆွဲပြီး “ဒီဆရာက ဒီဗွီဘီကမို့လား။ ကျမ မြင်ဖူးပါတယ်” လို့ ကျနော့်ကို မိတ်ဆက်လာပါတယ်။ ကျနော်လည်း ကျနော် ထင်မထားသူတွေက ကျနော့်ကို သိနေပြီး ကျနော်ထင်ထား သူတွေက ကျနော့်ကို မမြင်ဘူးတဲ့အတွက် နည်းနည်းတော့ စိတ်ထဲကသိကေ အာက်ဖြစ်မိ ပါတယ်။  ဒီလိုနဲ့ သာကြာင်းမာကြောင်း တာဝန်ကျေပြောပီး ပြန်လာတော့ “အဲဒါ ကိုးရီယားပြန်၊ ဂျပန်ပြန်တွေလေ ဗျာ၊ အဲလိုလူ တွေ ဒီမှာအများကြီးပဲ” ဆိုပြီး ကျနော့်ဘော်ဒါတွေက ပြောပါတယ်။
  အယ်လ်ကိုဟော သိပ်များတယ်၊ ရဲမင်းပိုင်ကုန်းပေါ် တက်နိုင်ပါ့မလား
  မိုးမချုပ်ခင် အချိန်ရသလောက် စခန်းကိုပတ်ပြီး ညနေ (၆) နာရီလောက်မှာတော့ ကျနော့်ရဲဘော်ဟောင်းတွေ နဲ့ စုဆုံစကားပြောဖို့ ပြင်ပါတယ်။ မင်းသမီးခစန်းရော၊ တခြားဒုက္ခသည်တပိုင်း သူပုန်တပိုင်း ကာလတွေမှာ တုန်းကရောဆိုရင် ဒီလိုမျိုးပွဲဟာ ရေနွေးကြမ်းနဲ့ နှစ်ပါးသွားတဲ့ဟာမျိုး။ အလွန်ဆုံးအဆင်ပြေလှ သရီးအင်ဝမ်း ကော်ဖီနဲ့ သွားရတာမျိုးပါ။ ဒါပေမယ့် ဒီမှာတော့ အဲဒီခေတ်ကို လွန်ခဲ့ပြီ။ ခုနက ကျနော် စီးလာတဲ့ လိုင်းကား ပြေးတဲ့ ကားလမ်းမရဲ့ ဟိုဘက်က ဆိုင်ထဲဝင်လိုက်တာနဲ့ ယမကာအစုံရမယ် (ဒုက္ခသည်စခန်းထဲက ဆိုင်တွေ မှာတော့ အယ်လ်ကိုဟော ရောင်းခွင့်မပြုပါ)။ စိုင်ထုံ(ပါဆယ်)လေးနဲ့ ဆွဲလားပြီး ကိုယ့်အိမ်မှာ ကိုယ်သောက် ရင် အားလုံးအိုကေပါတယ်တဲ့။ ရပ်ကွက်မှူးအဖြစ် တာဝန်ယူထားတဲ့ ကျနော်တို့ရဲ့ ရဲဘော်ကြီးနှစ်ဦးရဲ့ အာ မခံချက်အရ ဟောင်ထောင်တလုံးနဲ့ ဘီယာချန်း တဒါဇင်ကို ခင်ကျင်းပြီး စကားဝိုင်းကို ဖွင့်လှစ်လိုက်ပါတယ်။

“ကျနော်တို့လည်း (၆) လထင်ပြီး ၀င်လာတာ အခု (၆) နှစ်ပြည့်တော့မယ်။ စိတ်ကတော့ ညစ်သလားမမေးနဲ့ ဟိုမှာခြံစည်းရိုးခတ်တဲ့ ပုလင်းခွံတွေကိုသာ ကြည့်ပေတော့” လို့ ရဲဘော်တဦးက အရက်ခွက်ကို မ,ရင်း၊ ပန်း ပင်လေးတွေကို ခြံစည်းရိုးလိုကာထားတဲ့ အရက်ပုလင်းဟောင်းတွေကို လက်ညှိုးထိုးရင်း ပြောပါတယ်။

“စောင့်ရင်းနဲ့ သေသွားတဲ့ လူတွေလည်း အများကြီး၊ တချို့လည်း စောင့်ရတာ ကြာလွန်းလို့ အမြဲတမ်း ပေါက် ကွဲနေတာ။ အဲဒီလူတွေနဲ့ဆို အရက်တောင် တူတူမသောက်ရဲဘူး” လို့ နောက်ရဲဘော်တဦးက ပြောပါတယ်။ ကျနော်လည်း ဒီအချိန်ကြီး အင်တာဗျုးလုပ်၊ ဗီဒီယိုရိုက်ဖို့ကလည်း မီးအားက မကောင်းလို့ မနက်ကျမှ ထပ် တွေ့မယ်လို့ နှုတ်ဆက်ပြီး တကျီကျီ မြည်နေတဲ့ ၀ါးကြမ်းခင်းပေါ် ခပ်စောစော အိပ်ရာဝင်ခဲ့ပါတယ်။
နောက်တနေ့မနက် နေထွက်ချိန်မှာ စခန်းကို အဝေးပုံရိုက်ချင်လို့ အပေါ်ကနေ စီးမြင်ရတဲ့နေရာမျိုး ရှိသလား ဆိုပြီး ကျနော်က မေးတော့ “အဲဒါဆို ခင်ဗျား ရဲမင်းပိုင်တောင်ပေါ်တက်၊ ကျနော် လိုက်ပို့မယ်” ဆိုပြီး သူကြီး လို့ အများက ခေါ်ကြတဲ့ ရပ်ကွက်မှူးက ကျနော့်ကို ပြောပါတယ်။ “ဘာလဲဗျ၊ ရဲမင်းပိုင်တောင်ကုန်း၊ ရဲမင်းပိုင် က ဒီမှာ ဖိုက်တင်ခန်း လာရိုက်ဖူးလို့လား” ဆိုပြီး ကျနော်က မေးတော့ သူတို့က ၀ိုင်းဟားကြပါတယ်။

“ရဲမင်းပိုင် တရားထိုင်တဲ့ ကုန်းဗျ။ ခင်ဗျားကလည်း ကျနော်တို့စခန်းကို အထင်မစမောနဲ့လေ။ ရုပ်ရှင်မင်းသား တောင် ဒီစခန်းကနေ ထွက်ပြီး အမေရိကန်လား၊ သြစီလား ရောက်သွားတာ တနှစ်ကျော်ရောပေါ့” ဆိုပြီး ရှင်း ပြတော့မှပဲ ကျနော်လည်း ‘သြော်’ လိုက်ခဲ့ရပါတယ်။ တကယ်က အဲဒီကုန်းက သိပ်မဝေးဘူး။ သူကြီးတို့ရပ် ကွက်ကနေ ကားလမ်းကိုကျော် (၅) မိနစ်လောက် လမ်းလျှောက်လိုက်ရင် ရောက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ပေါ်ရောက်တော့လည်း စခန်းကို ကောင်းကောင်းမမြင်ခဲ့ရပါ (နိုပိုးက အုန်းဖျန်စခန်းလို ဓာတ်ပုံရိုက်လို့ မ ကောင်းပါ။ အုန်းဖျန်းက တောင်နံရံမှာ ဆောက်ထားလို့ လမ်းဘေးကနေ အားလုံးမြင်နေရပါတယ်)။

အပြန်လမ်း၊ တတိယနိုင်ငံနဲ့ ရွှေရောင်အိပ်မက်များ

နိုပိုးကနေ မဲဆောက်ကို (အုန်းဖျန်မှာ တဆင့်ပြောင်းစီးရတဲ့ကား) အစောဆုံးထွက်တဲ့ ကားက မနက် (၇) နာ ရီ။ အများစုကတော့ (၈) နာရီကားနဲ့ သွားကြတယ်လို့ ဆိုပါတယ်။ ကျနော်ကတော့ ရောက်တုန်းရောက်ခိုက် ဗွီဒီယို Footage လေးယူဦးမှဆိုပြီး ဟိုမေး ဒီဗျူးလုပ်နေတဲ့အပြင် ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုကိုလည်း သွား လိုက်သေးတဲ့အတွက် (၁၁) နာရီကားနဲ့မှ ပြန်နိုင်ခဲ့ပါတယ်။ ဟိုမေး ဒီမေး မေးတဲ့ထဲမှာ တနေ့ တနေ့ ခင်ဗျား တို့ ဘာတွေလုပ်ကြသလဲ။ ဒီအိမ်တွေ၊ ဆိုင်တွေ ၀ယ်ဖို့ စားဖို့ သောက်ဖို့ ဘယ်က ပိုက်ဆံရလဲဆိုတဲ့ မေးခွန်း တွေ ပါဝင်ပါတယ်။ ခုနက တရုတ်တန်းနဲ့ ကိုရီးယားတန်းကို သွားမေးတာမျိုးတော့မဟုတ်ဘဲ ကိုယ့်ရဲဘော် ဟောင်းတွေကိုပဲ မေးဖြစ်ခဲ့တာမျိုးပါ။
“ဒီမှာကတော့ အမျိုးမျိုးပေါ့ဗျာ။ မင်းသမီးစခန်းမှာ နေသလိုနေရင်တော့ ထမင်းငတ်မှာပေါ့။ ကျနော်ဆို က လေးတောင် လေးယောက် ရှိနေပီ။ ကျောင်းစရိတ်ကလည်း ခင်ဗျားသိတဲ့အတိုင်းပဲ” ဆိုပြီး ရဲဘော်တဦးက အပျိုအရွယ်ရောက်စပြုနေပြီဖြစ်တဲ့ သူ့သမီးငယ်ကို လက်ညှိုးထိုးပြီး ကျနော့်ကို ပြောပြနေပါတယ်။ ဒီအတွက် သူ့ရဲ့ဖြေရှင်းနည်းကတော့ နှစ်လုံးထီရောင်းပြီး တနေ့ တရာလောက်ရအောင် ရှာရတယ်လို့ဆိုပါတယ်။ ခုနက ဘိတ်သားလေးကွမ်းယာကလည်း အတော်ရောင်းရတယ်လို့ ဆိုပါတယ်။ နောက်တခါ ကန်ထရိုက်တာလည်း လက်မလည်ဘူးလို့ ဆိုပါတယ်။ နောက်တယောက်ကတော့ ဂိုဒေါင်လုံခြုံရေးအတွက် တာဝန်ယူပေးရပြီး အဲဒီ အတွက် သင့်တင့်တဲ့ထောက်ပံ့ကြေးရတယ်လို့ ဆိုပါတယ်။

နောက်နှစ်ယောက်ကတော့ TBBC ရဲ့ စခန်းတွင်း အချိန်ပိုင်းဝန်ထမ်းတွေဖြစ်ပြီး အဲဒီကရတဲ့ ထောက်ပံငွေ လေးနဲ့ ကလေးတွေကို ကျောင်းထား၊ တနေ့ နှဟ်နပ် ထမင်းပုံမှန်စားနိုင်ဖို့ ကြိုးစားနေရတယ်လို့ ကျနော့်ကို ရှင်းပြကြတယ်။ အဲ နောက်တဦးကတော့ ထူးထူးခြားခြား ဒီစခန်းထဲက အင်တာနက်ကို အသုံးပြုပြီး ထိုင်းနဲ့ အိန္ဒိယဘက်က ပေးပို့တဲ့ သတင်းတွေကို ဘာသာပြန်ပေးနေတယ်လို့ ဆိုပါတယ်။ နောက်တဦးကတော့ ထိုင်း -မြန်မာ-ကရင် စကားပြန်တဲ့ ... စသဖြင့် သူ့နည်းသူဟန်နဲ့ ၀င်ငွေရှာပြီး သူ့ပြဿနာ သူရှင်းနေကြပါတယ်။ ဒါ ပေမယ့် သူတို့အားလုံးရဲ့ အဓိက၀င်ငွေဟာ တတိယနိုင်ငံရောက် သူတို့ရဲ့ ရဲဘော်ရဲဘက်ဟောင်းတွေဆီက အကူညီငွေသာဖြစ်တယ်လို့ ကျနော့်ကို ရှင်းပြကြပါတယ်။
အဲဒီအကူညီငွေက ဘယ်လောက်အထိရနေသလဲ ဆိုတာကိုတော့ ကျနော် အတိအကျမသိ။ ကျနော်ကိုယ် တိုင် ဦးစီးကောက်ခံလှူတန်းနိုင်ခဲ့တာကတော့ တနှစ်မှ တဦးအတွက် (၂,၅၀၀) ဘတ်မျှသာ ရှိခဲ့ပါတယ်။ ဒါ ပေမယ့် တတိယနိုင်ငံရောက် ကျနော့်ဘော်ဒါတွေဆီက အလှူငွေကို မဲဆောက်က ဘဏ်တွေမှာ သွားထုတ်ရင်းနဲ့ ကျနော်မြင်ခဲ့ရတဲ့ မြင်ကွင်းအရ Money Gram တွေ Western Union တွေနဲ့ ငွေလွှဲသူတွေ အတော် များနေတယ်ဆိုတာကိုတော့ သတိထားမိပါတယ်။ Money Gram အတွက် ဘန်ကောက်မှာ ကျနော် ငွေသွား ထုတ်တော့ Money Gram သုံးသူ ကျနော်တဦးတည်းရယ်။ ဘဏ်အရာရှိကတောင် ထူးထူးဆန်းဆန်း မေးလို့ ကြောင်တောင်တောင်ဖြစ်ခဲ့သေး။
ဒါပေမယ့် မဲဆောက်မှာ ကျနော် ပိုက်ဆံသွားထုတ်တော့ Money Gram ငွေထုတ်လွှာ ကုန်သွားလို့ဆိုပြီး တ ရက်ထိုင်စောင့်ခဲ့ရပါတယ်။ Money Gram ငွေထုတ်ပေးတဲ့ TMB မှာ တန်းစီစောင့်နေသူဦးရေကလည်း ရာနဲ့ ချီတောင် ရှိမလားပဲ။ ABSDF ရဲဘော်ဟောင်းတချို့ကိုတောင် အဲဒီဘဏ်မှာတွေ့ခဲ့ရပြီး သူတို့ရဲ့ငွေလွှဲလုပ်ငန်း ကနေတ တဆင့်လွှဲဖို့တောင် ကျနော့်ကို လိပ်စာကတ် ပေးသွားသေးတယ်ဆိုတော့ မဲဆောက်ခွင်မှာ ငွေလွှဲ ရေးလုပ်ငန်းက အတော်အလုပ်ဖြစ်နေတဲ့သဘောလို့ ယူဆနိုင်ပါတယ်။
အဲဒီနေ့ကဆိုရင် မနက် (၁၂) နာရီမထိုးခင် လျှောက်လွှာတင်နိုင်မှ လက်ခံပြီး (၁၂) နာရီကျော်သွားရင်တော့ တရက်ထိုင်စောင့်ပေတော့။ ပြီးတော့ အဲဒီမှာ ငွေထုတ်နည်းအဆင့်ဆင့်အတွက် မြန်မာလိုစာတန်းတွေ ကပ် ထားတာတွေ့ရပြီး အလုပ်သမားလက်မှတ်၊ ယူအန်လက်မှတ်တွေနဲ့တောင် ထုတ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ဆိုရင်တော့ ထုတ်ခွင့်မပေးပါ။ ကျနော်ကိုင်ထားတဲ့ နော်ဝေးခရီးသွားလက်မှတ်မှာတောင် မြန်မာနိုင်ငံသား Myanmar ပါနေလို့ဆိုပြီး ထုတ်ခွင့်မပေးလို့ မနည်းရှင်း လင်းပြပြီးမှ ထုတ်ခွင့်ရခဲ့တာမျိုးပါ။
ဆိုလိုတာကတော့ တတိယနိုင်ငံရောက် ရဲဘော်ရဲဘက်အချင်းချင်းဆီက ပို့တဲ့ငွေနဲ့ ရပ်တည်နေရတဲ့ လူတွေ ရှိသလို တခြားနည်းမျိုးစုံနဲ့ ရပ်တည်နေတဲ့ ခေတ်သစ်ဒုက္ခသည်တွေကိုလည်း ကျနော် တွေ့ခဲ့ရတယ်ဆိုပါ တော့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တတွေအတွက် တူညီတဲ့ ဦးတည်ချက်ကတော့ တတိယနိုင်ငံ အမြန်ဆုံးထွက် ခွင့်ရရေးပါ။ ဒါပေမယ့် ကံတရားက အားလုံးအတွက် တန်းတူမဖြစ်တာလား။ ဘာများ လွဲချော်ခဲ့သလဲတော့ မသိပါ။ နည်းမျိုးစုံနဲ့ နောက်မှဝင်လာသူတွေက အရင်ထွက်ခွင့်ရသွားပြီး နိုပိုးမှာ (၆) နှစ်ကြာနေပြီဖြစ်တဲ့ ကျ နော်တို့ဆီက ရဲဘော်တွေအပါအ၀င် ဒါဇင်နဲ့ချီရှိတဲ့လူတွေကတော့ အမေရိကန်ရဲ့ ဆိုင်းငံ့ပြည်ဝင်ခွင့်၊ လက် နက်ကိုင်ဖူးသူကို လက်မခံနိုင်သေး ... စတဲ့အကြောင်းပြချက်တွေနဲ့ အချိန်တွေ ကြာနေခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီကိစ္စတွေ ပြေလည်သွားလို့ ဒီနှစ်မကုန်ခင် အမေရိကန်သွားရဖွယ်ရှိတယ်လို့ သူတို့က မျှော်လင့် နေပါတယ်။
တချိန်းတည်းမှာပဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး အပြောင်းလဲတွေ အနည်းအကျဉ်း ရှိလာနေပီဖြစ်လို့ ဒီ ဒုက္ခသည်တွေကို မူရင်းဒေသပြန်ပို့မယ်ဆိုပြီးလည်း ထိုင်းဘက်က စကားဟလာနေပါတယ်။ ဒါပေမယ့် နိုပိုးရှိ ကျနော့်ဘော်ဒါတွေကတော့ ဒါတွေဟာ သူတို့လို နိုင်ငံရေးဒုက္ခသည်တွေနဲ့ မဆိုင်ဘဲ စစ်ပြေးဒုက္ခသည်တွေနဲ့ သာဆိုင်တယ်။ သူတို့ကိုတော့ ပြန်မပို့လောက်ဘူး။ မူလအစီစဉ်အတိုင်း တတိယနိုင်ငံကို သေချာပေါက် သွား ခွင့်ရမယ်လို့ သူက ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူဦးရေ တသောင်းခွဲခန့်ရှိတဲ့ နိုပိုးအပါအ၀င် ထိုင်း-မြန်မာ နယ်စပ်တကြောက ဒုက္ခသည်စခန်း (http://www.tbbc.org/) (၁၀) ခု။ ပြည်တွင်းဒုက္ခသည်စခန်း (၈) ခုက ဒုက္ခသည်ဦးရေ တသိန်းခွဲနီးပါးရဲ့ အနာဂတ်အတွက် ဘယ်သူတွေက ဘယ်လောက် ဆက်လက်ကူညီနိုင်မ လဲ။ ဒီစခန်းထဲကလူတွေ အချိန်မြန်မြန် တတိယနိုင်ငံ ထွက်ခွင့်ရအောင် ဘယ်လိုကူည်ီပေးနိုင်မလဲ ဆိုတာကို စဉ်းစားရင်း နိုပိုး-မဲဆောက် လိုင်းကားပေါ်တက်၊ ဘော်ဒါတွေကို လက်ပြန်နှုတ်ဆက်ပြီး နိုပိုးဒုက္ခစခန်းကနေ ကျနော် ထွက်ခွာလာခဲ့ပါတယ်။

ထက်အောင်ကျော်
(၂၁-၄-၂၀၁၀)

0 comments:

Post a Comment